Huawei ကနေ ပြီးခဲ့တဲ့နှစ်တုန်းက ပထမဆုံးအနေနဲ့ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ Mate 50 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာမှ Apple iPhone 14 Series လိုမျိုးဖုန်းတွေကပါ ဂြိုလ်တုဆက်သွယ်ရေးစနစ်ကို ထည့်သွင်းခဲ့တာဖြစ်ပြီး Samsung Flagship ဖုန်းတွေဆိုရင် လာမယ့်နှစ်မှ စတင်ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ Huawei ဟာ ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Mate 60 Series ဖုန်းတွေအတွက် ဂြိုလ်တုဆက်သွယ်ရေးစနစ်ကိုထပ်မံအဆင့်မြှင့်တင်သွားဦးမယ်လို့ သတင်းတွေထွက်ပေါ်လာပါပြီ။ လက်ရှိ Huawei Mate 50 Series ဖုန်းတွေဟာ ဂြိုလ်တုဆက်သွယ်ရေးကနေတစ်ဆင့် စာတို Message တွေပဲ ပေးပို့နိုင်မှာဖြစ်ပေမယ့် Mate 60 Series ဖုန်းတွေဟာ ဂြိုလ်တုကနေတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်ဖို့အထိပါ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

အခုလိုမျိုး ဂြိုလ်တုကနေတစ်ဆင့် ဖုန်းပြောဆိုနိုင်ဖို့အတွက် Huawei Mate 60 Series ဖုန်းတွေမှာ Power Amplifier (PA) Chip ပါဝင်မှာဖြစ်ပြီး Tiantong-1 Satellite Mobile Communication System နဲ့ ချိတ်ဆက်ထားမှာဖြစ်ပါတယ်။ အဆိုပါ Satellite System ကနေတစ်ဆင့် ဖုန်းဖြင့်စကားပြောဆိုမှုတွေ၊ ဓါတ်ပုံပေးပို့မှုတွေ၊ နေရာအတိအကျရှာဖွေနိုင်မှုတွေနဲ့ အချက်အလက်ဒေတာတွေကို ပြန်လည်ပေးပို့နိုင်မယ်လို့ သိရပါတယ်။

လက်ရှိ Huawei Mate X3 Foldable ဖုန်းနဲ့ P60 Series ဖုန်းတွေမှာလည်း အဆိုပါ PA Chip ပါဝင်ပေမယ့် ဖုန်းပြောဆိုမှုတွေကို ပြုလုပ်နိုင်မှာမဟုတ်ဘဲ SMS ဖြင့်သာ ဂြိုလ်တုကနေတစ်ဆင့်ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Huawei Mate 60 Series ဖုန်းတွေက ပထမဆုံးအနေနဲ့ ဂြိုလ်တုကနေ ဖုန်းပြောဆိုနိုင်မယ့် ဖုန်းတွေဖြစ်လာတော့မှာပါ။

Ref – Gizmo China