Huawei ဟာ ပရီမီယံ စမတ်ဖုန်းတွေအတွက် Chipset တွေဝယ်ယူဖို့ အခက်အခဲရှိနေပေမယ့် တရုတ်ဧရာမနည်းပညာကုမ္ပဏီကြီးဟာ သူ့ရဲ့ Product cycle ကိုတော့ တတ်နိုင်သမျှ ထိန်းသိမ်းနေတယ်လို့ ဆိုနိုင်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ Huawei Mate X2 ကို တရုတ် 3C မှာတွေ့မြင်ခဲ့ကြရပါတယ်။

 

Mate 40 စီးရီး ဖြန့်ချိပြီး သိပ်မကြာခင်မှာပဲ Huawei Mate X2 foldable ကို မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Mate X2 လို့ယူဆရတဲ့ Device ကို တရုတ်ရဲ့ TENAA မှာလည်း ထပ်ပြီးတွေ့မြင်ရလို့ပါပဲ။ မော်ဒယ်နံပါတ် TET-AN00/TET-AN10 ဟာ 3C မှာလည်း မြင်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။

ဒီ Listing နှစ်ခုစလုံးမှာ Mate X2 နဲ့ပတ်သက်တဲ့ အချက်အလက်အနည်းငယ်ကိုပဲ ဖော်ပြခဲ့ကြပေမယ့် သေချာတာကတော့ မကြာခင်စတင်မိတ်ဆက်မယ်ဆိုတဲ့ သတင်းစကားကိုလည်း ယူဆောင်လာတာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ Mate X2 နဲ့ပတ်သက်ပြီး အဓိကအချက်ဖြစ်တဲ့ Processor အကြောင်းကို မသိရသေးပေမယ့် Kirin 9000 SoC ကို အသုံးပြုလာမယ်လို့ မျှော်လင့်ရပါတယ်။

မျက်နှာပြင်အရွယ်အစားဟာ 8-inch ဖြစ်ပြီး Mate X လို အပြင်ဘက်ခေါက်တဲ့ပုံစံမဟုတ်ဘဲ အတွင်းဘက်ကိုခေါက်သိမ်းတဲ့ ပုံစံအဖြစ် ပြောင်းလဲလာမယ်လို့ မျှော်လင့်ရပါတယ်။ Secondary screen ကတော့ 4.5-inch display ဖြစ်ကြောင်းကို ပြီးခဲ့တဲ့ မူပိုင်ခွင့်ကတစ်ဆင့် သိခဲ့ရပြီးပါပြီ။ ဒါ့အပြင် ဒီ Foldable မှာ 66W အမြန်အားသွင်းစနစ် ထောက်ပံ့ထားမယ်လို့လည်း မျှော်လင့်ရပါတယ်။

Mate X2 အပြင် ဒုတိယ မော်ဒယ်တစ်ခုကိုလည်း TENAA မှာ တွေ့မြင်ရပါသေးတယ်။ မော်ဒယ်နံပါတ်ကတော့ CDL-AN50 ဖြစ်ပြီး 5G ဟန်းဆက်ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ အချက်အလက်အားဖြင့် 6.5-inch display နဲ့ 3,900mAh ဘက်ထရီ တပ်ဆင်ထားကြောင်း သိရပါတယ်။ 3C မှာတော့ 40W Charger ကို ပြသထားပါတယ်။

Ref: Gizmochina