ဝင်ငွေခွဲဝေမှုဆိုင်ရာကိစ္စမှာ ကုမ္ပဏီနှစ်ခုအနေနဲ့ သဘောတူညီမှုမရရှိတာကြောင့် Huawei ဟာ သူ့ရဲ့ App Store ကနေ Tencent Online Game Catalog ကို ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း Tencent က အတည်ပြုပြောကြားခဲ့ပါတယ်။ ဒီကိစ္စမှာ နှစ်ဦးနှစ်ဘက်လုံးရဲ့ ပျက်ကွက်မှုတွေ ရှိခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

“ကျွန်ုပ်တို့ရဲ့ မိုလ်ဘိုင်းဂိမ်းမြှင့်တင်ရေးစီမံကိန်းသဘောတူညီချက်ရဲ့ အစီအစဉ်အတိုင်း  Huawei Mobile Game platform  နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့်  Tencent Games နဲ့ သက်ဆိုင်တဲ့ထုတ်ကုန်ကို ဒီမနက်ခင်းအစောပိုင်းကတည်းက  App store  ကနေ ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်” လို့ Tencent က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Xiaomi ကို တရုတ်နိုင်ငံရဲ့ Apple လို့ ရည်ညွှန်းပြောဆိုကြပေမယ့်၊ အမှန်တကယ်ကတော့ Huawei ကသာ တရုတ်နိုင်ငံရဲ့ Apple လို့ နှိုင်းယှဉ်ရည်ညွှန်းလောက်တဲ့ ဝင်ငွေနဲ့ဈေးကွက်ဝေစုကို ရရှိထားတာ ဖြစ်ပါတယ်။ Huawei ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံ မိုလ်ဘိုင်းဖုန်းဈေးကွက်ရဲ့ ၄၁.၄% ကို ချုပ်ကိုင်ထားပြီး၊ ကမ္ဘာ့ဈေးကွက်ရဲ့ ၁၄.၉% ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Tencent ဟာ ကမ္ဘာတစ်လွှားမှာ သူ့ရဲ့ထိပ်တန်း အွန်လိုင်းဂိမ်းအချို့ကိုရောင်းချနေရတယ်ဆိုပေမယ့် Huawei နဲ့ပူးပေါင်းခြင်းဟာ အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ရပ်လည်း ဖြစ်ပါတယ်။ အကြောင်းက Huawei ရဲ့ သန်းပေါင်းများစွာသော စမတ်ဖုန်းတွေဟာ Tencent ရဲ့ အကြီးမားဆုံးဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံတွင်းမှာ ရှိနေတာကြောင့် ဖြစ်ပါတယ်။

အခုဖြစ်ပေါ်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက ကုမ္ပဏီနှစ်ခုစလုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့်၊ ဘယ်ဘက်ကမှ မှတ်ချက်ပြန်ပေးတာမျိုး မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ရင်းနှီးကျွမ်းဝင်တဲ့သတင်းရင်းမြစ်တစ်ခုကတော့ ကုမ္ပဏီနှစ်ခုဟာ ဝင်ငွေခွဲဝေမှုအပိုင်းမှာ သဘောတူညီမှုမရခဲ့ကြတဲ့အတွက် အခုလိုမျိုး ဂိမ်းတွေကိုဖယ်ရှားခဲ့တာ ဖြစ်နိုင်ကြောင်း အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

Huawei ဟာ ဝင်ငွေရဲ့ ၅၀% ကိုရဖို့ အပြင်းအထန်တောင်းဆိုခဲ့ပြီး၊ Tencent ကလည်း သဘောမတူခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် Tencent အနေနဲ့ Huawei ရဲ့ မိုလ်ဘိုင်းလ်ဂိမ်းပလက်ဖောင်းနဲ့ဆက်သွယ်ပြီး၊ ညှိနှိုင်းမှုပြုလုပ်ဖို့အဆင်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အဆင်မပြေမှုအတွက် အသုံးပြုသူတွေကိုလည်း တောင်းပန်ခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်မျိုးဟာ မကြာခဏဖြစ်လေ့ရှိပြီး၊ လွန်ခဲ့တဲ့နှစ်ကလည်း ရှန်ဟိုင်းအခြေစိုက် Developer Mihoyo နဲ့ သဘောတူညီမှုမရခဲ့တာကြောင့် သူ့ရဲ့ “Genshin Impact” ကို Huawei ရဲ့ App Store ကနေ ဖယ်ရှားခဲ့ဖူးပါတယ်။ Apple ကလည်း Epic Games နဲ့ ညှိနှိုင်းမှုအဆင်မပြေခဲ့တာကြောင့် Fortnite နဲ့ အခြားဂိမ်းတွေကို သူ့ရဲ့ App Store ကနေ ဖယ်ရှားခဲ့ဖူးပါတယ်။

Ref: Gizmochina