ယခုလအစောပိုင်းတုန်းက Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို ခန့်မှန်းနေတဲ့ Analyst Ming-Chi Kuo ကနေ Huawei ဟာ Honor စမတ်ဖုန်းလုပ်ငန်းကို ရောင်းချဖို့ စဥ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကလည်း အဓိကအနေနဲ့ US အစိုးရရဲ့ ပိတ်ဆို့မှုကြောင့်လို့ ပြောနိုင်ပါတယ်။

အခုလည်း Reuter သတင်းဌာနကနေ အဆိုပါသတင်းက မှန်ကန်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ လောလောဆယ်မှာ Huawei ဟာ Digital China Group အပြင် တခြားသောဝယ်ယူမယ့်သူတွေနဲ့ စကားပြောဆိုမှုတွေ ပြုလုပ်နေပြီး Honor ကို အပြီးတိုင်ရောင်းချသွားဖို့ စီစဥ်နေပြီလို့ သိရပါတယ်။ Honor Brand ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ထဲက မိတ်ဆက်ခဲ့တာဖြစ်တဲ့အတွက် အခုအချိန်မှာရောင်းချမယ်ဆိုရင် အများဆုံး ယွမ် ၂၅ ဘီလီယံ (ဒေါ်လာ ၃.၇ ဘီလီယံ) အထိ ရရှိနိုင်ပါတယ်။

Digital China Group ဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ Lenovo Holdings ကုမ္ပဏီရဲ့ လက်အောက်မှာ ရရှိနေခဲ့တာဖြစ်ပြီး ယခင်တုန်းကလည်း Honor စမတ်ဖုန်းတွေအတွက် အဓိက Distributor အဖြစ်တာဝန်ယူခဲ့တာဖြစ်ပါတယ်။ Digital China Group ကို ရောင်းချသွားဖို့ အလားအလာများနေတယ်ဆိုပေမယ့် Xiaomi နဲ့ TCL တို့ကလည်း ဝယ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Reuter ရဲ့ ဖော်ပြချက်အရတော့ Huawei အပါအဝင် TCL တို့က ယခုသတင်းကို ပြန်လည်ဖြေရှင်းဖို့ ငြင်းဆိုခဲ့ပြီး Digital China နဲ့ Xiaomi တို့ကလည်း အကြောင်းပြန်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Huawei အနေနဲ့ Honor Brand ကို တခြားသော ကုမ္ပဏီတွေကို ရောင်းချလိုက်မယ်ဆိုရင် ကျိန်းသေတာကတော့ Honor အနေနဲ့ US အစိုးရရဲ့ ပိတ်ဆို့မှုကနေ လွတ်မြောက်ပြီး Google Mobile Services ကိုပါ ပြန်လည်အသုံးပြုလာနိုင်ပါတယ်။

Ref – Gizmo China