Huawei ဟာ စမတ်ဖုန်းအသစ်တွေကို ကိုယ်ပိုင်နည်းပညာတွေ၊ ကိုယ်ပိုင် Processor တွေနဲ့ ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း US အစိုးရရဲ့ ပိတ်ဆို့မှုတွေကို ခံခဲ့ရတာကြောင့် Software ပိုင်းမှာ Google Service တွေကို အသုံးပြုနိုင်ခြင်းမရှိတော့သလို Hardware ပိုင်းမှာလည်း ထောက်ပံ့မှုတွေကို မရရှိတော့တာကြောင့် ကိုယ်ပိုင် Kirin Processor အသစ်တွေထုတ်လုပ်နိုင်ခြင်းမရှိတော့သလို Global စျေးကွက်မှာလည်း 5G Network ကို အသုံးပြုနိုင်ခြင်းမရှိသေးဘူးဖြစ်ပါတယ်။

အခုလိုမျိုး Huawei ကို ပိတ်ဆို့မှုတွေဟာ ကုမ္ပဏီရဲ့ အောင်မြင်မှုတွေကိုလည်း အကြီးအကျယ်ထိခိုက်သွားစေပြီးတော့ Global စျေးကွက်အပြင် ကိုယ်ပိုင် တရုတ်နိုင်ငံစျေးကွက်မှာပါ စျေးကွက်ပိုင်ဆိုင်မှုပိုင်းမှာ ဦးဆောင်နေတာကနေ အောက်ကို ထိုးဆင်းသွားစေခဲ့ပါတယ်။ အထူးသဖြင့် Huawei ဟာ US ကနေ မပိတ်ဆို့ခင်အချိန်တုန်းက Apple ကို ကျော်လွန်ပြီး ဒုတိယအကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူအဖြစ် နေရာယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Huawei Consumer Business Group မှာ CEO အဖြစ်တာဝန်ယူထားတဲ့ Richard Yu ကနေ တကယ်လို့သာ US အစိုးရရဲ့ ပိတ်ဆို့မှုတွေမရှိခဲ့ဘူးဆိုရင် လက်ရှိအချိန်မှာ Apple နဲ့ ပခုံးချင်းယှဥ်နိုင်တဲ့အဆင့်မှာ ရှိနေပြီဆိုပြီး ပြောကြားခဲ့ပါတယ်။ Richard Yu ကနေ Samsung ဟာလည်း စမတ်ဖုန်းစျေးကွက်မှာ Apple နဲ့ နှိုင်းယှဥ်မယ်ဆိုရင် အများကြီးအရေးမပါတဲ့ စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တယ်ဆိုပြီး မှတ်ချက်ပေးခဲ့ပါသေးတယ်။

Huawei ဟာ US အစိုးရရဲ့ ပိတ်ဆို့မှုတွေမခံရခင်တုန်းက နှစ်အလိုက်တိုးတက်မှုနှုန်းက ၅၀ ရာခိုင်နှုန်းအထိရှိနေခဲ့တာဖြစ်ပြီး တကယ်လည်း ၂၀၁၉ ခုနှစ်အတွက် စမတ်ဖုန်းစျေးကွက်မှာ ဒုတိယနေရာမှာ ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။

Ref – Gizmo China