Huawei ဟာပြီးခဲ့တဲ့နှစ်မေလတုန်းက စတင်ပြီးတော့ Google အပါအဝင် US ရဲ့ ပိတ်ဆို့မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Huawei ဟာ Global စျေးကွက်မှာ အဓိက Google Mobile Services တွေကို အသုံးပြုနိုင်ခြင်းမရှိတော့တဲ့အတွက် ရောင်းအားကျဆင်းမှုတွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း Huawei အနေနဲ့ နောက်ပိုင်းမှာ စျေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေတဖြည်းဖြည်းနဲ့ ဆက်တိုက်မိတ်ဆက်လာခဲ့ပြီး Google Mobile Services ကို အစားထိုးဖို့အတွက် Huawei Mobile Services ကိုပါ မိတ်ဆက်လာခဲ့ပါတယ်။ အဲ့ဒီအတွက် Huawei စမတ်ဖုန်းတွေရဲ့ ရောင်းအားက သိသိသာသာကို ပြန်လည်ပြီးတိုးတက်လာတာကိုတွေ့မြင်ခဲ့ရပါတယ်။

အခုဆိုရင် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလတုန်းက Huawei ဟာ Samsung ကို ကျော်လွန်ပြီးတော့ တကမ္ဘာလုံးမှာ အကြီးမားဆုံးသော စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်လာတယ်လို့ သိရပါတယ်။ ယခုသတင်းကိုတော့ နာမည်ကြီး Research ကုမ္ပဏီတစ်ခုဖြစ်တဲ့ Counterpoint Research ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Samsung ကို ကျော်တက်နိုင်ခဲ့တယ်ဆိုပေမယ့်လည်း ဒါက ဧပြီလတစ်လထဲအတွက်ပဲဖြစ်ပြီး Huawei က စျေးကွက်ရှယ်ယာ ၁၉ ရာခိုင်နှုန်းနဲ့ Samsung က စျေးကွက်ရှယ်ယာ ၁၇ ရာခိုင်နှုန်းကိုယ်စီရရှိပြီး Huawei က ပထမနေရာကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

Samsung ဟာ ယခုနှစ်အစောပိုင်းမှာမိတ်ဆက်ခဲ့တဲ့ Galaxy S20 Series စမတ်ဖုန်းတွေက ထင်သလောက်အောင်မြင်မှုမရရှိခဲ့ပေမယ့် Huawei ရဲ့ P40 Series စမတ်ဖုန်းတွေဟာ ပိုပြီးရောင်းအားကောင်းခဲ့သလို Mid Range ဖုန်းတွေမှာလည်း Huawei ကနေ စမတ်ဖုန်းတွေပိုပြီး ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ဒီလိုမျိုး စျေးကွက်ကိုပထမနေရာကိုရရှိသွားတာဖြစ်မှာပါ။

Ref – Gizmo China