ဒီလအစောပိုင်းမှာပဲ Huawei ဟာ သူ့ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Honor ကို အခြားတရုတ်လုပ်ငန်းစုကြီးဆီ ရောင်းချခဲ့ရပါတယ်။ Honor ဟာ Huawei ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်ခဲ့ပေမယ့် Mid-range ဈေးကွက်မှာတော့ အတော်အသင့်အောင်မြင်နေပြီးသား ဖြစ်ပါတယ်။

တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ရဲ့ ဓါးစာခံဖြစ်ခဲ့ရပြီးတဲ့နောက် အလုံးအရင်းဖြစ်ပေါ်လာတဲ့ပိတ်ဆို့မှုတွေကြောင့် Huawei ဟာ သူ့ရဲ့ အမှတ်တံဆိပ်ခွဲကို ရောင်းထုတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ Honor ကို ရောင်းချလိုက်ရတာဟာ “ကြီးမားတဲ့ဖိအားအောက်မှာ လိုအပ်တဲ့နည်းပညာဆိုင်ရာ Element တွေ မရရှိတာကြောင့်” ဖြစ်ကြောင်း Ren က ကုမ္ပဏီဝန်ထမ်းများဖိုရမ်မှာ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Huawei အနေနဲ့ ဒီအခက်အခဲတွေ၊ ဖိအားတွေကို ကျော်လွှားနိုင်ကြောင်း၊ ဒါပေမယ့် Honor အနေနဲ့ဆိုရင်တော့ လတ်တလောအခြေအနေအရ ရောင်းအားကျဆင်းလာတာနဲ့အမျှ၊ သူတို့ရဲ့အလုပ်သမားတွေ၊ ဖြန့်ချိရေးတွေကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဆုံးရှုံးလာရနိုင်တာကြောင့် ရောင်းချဖို့ဆုံးဖြတ်လိုက်ရတာဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

“ပိတ်ဆို့မှုလှိုင်းလုံးတွေ တစ်လုံးပြီးတစ်လုံးရောက်ရှိလာပြီးနောက်ဆုံးမှာတော့ အမေရိကန်နိုင်ငံရေးသမားတွေဟာ ကုမ္ပဏီရဲ့အမှားကိုထောက်ပြပြီး ပြင်ဆင်စေလိုတာမဟုတ်ဘဲ၊ အပြီးသတ်သုတ်သင်လိုတာ သေချာနေပြီဖြစ်ကြောင်း နားလည်လိုက်ရပြီ” လို့လည်း ပြောဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် Huawei ရဲ့တည်ထောင်သူဖြစ်တဲ့ Ren Zhengfei ကတော့ ပိုင်ဆိုင်ခဲ့ဖူးတဲ့အမှတ်တံဆိပ်အတွက် သံယောဇဉ်မကင်းတဲ့ မျှော်လင့်ချက်တွေထားရှိနေတုန်း ဖြစ်ပါတယ်။

Honor နဲ့ လမ်းခွဲလိုက်ရပြီးတဲ့နောက်မှာ ဒီအမှတ်တံဆိပ်ဟာ Huawei ရဲ့ အကြီးမားဆုံးပြိုင်ဖက် ဖြစ်လာစေချင်ကြောင်း၊ Honor ရဲ့ ဝန်ထမ်းတွေဟာ ယခင်က မိခင်ကုမ္ပဏီကြီးကို ပြိုင်ဆိုင်ပြီး လက်ရှိနေရာကနေဖြုတ်ချလိုတဲ့အထိ စိတ်အားထက်သန်မှုတွေရှိစေချင်ကြောင်းလည်း Ren က ဆိုပါတယ်။ Honor ရဲ့ စမတ်ဖုန်းရောင်းအားဟာ ဒီနှစ် တတိယသုံးလပတ်ကာလအတွင်းမှာ Huawei ရဲ့စုစုပေါင်းရောင်းအားရဲ့ ၂၆% အထိသာ ရှိနေတာ ဖြစ်ပါတယ်။

Ref: GSM Arena