Instagram ဟာ ဓါတ်ပုံတွေမျှဝေတဲ့ Social Media တစ်ခုအနေနဲ့ အောင်မြင်နေပြီဖြစ်ပါတယ်။ အခုလည်း အသုံးပြုသူတွေအတွက် လက်တွေ့မှာ အသုံးဝင်လာမယ့် Feature တစ်ခုကို ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။

ဒါကတော့ Instagram မှာ တင်လိုက်ပြီးမှ ပြန်လည်ဖျက်ပစ်လိုက်တဲ့ Post တွေကို ရှာဖွေနိုင်မယ့် Feature ကို ထည့်သွင်းပေးလိုက်တာပဲဖြစ်ပါတယ်။ Instagram ကတော့ အဆိုပါ Feature ကို “Recently Deleted” လို့ နာမည်ပေးထားပြီး ဖုန်းတွေမှာပါဝင်တဲ့ Recycle Bin လိုမျိုး အလုပ်လုပ်မှာဖြစ်ပါတယ်။

အခု Recently Deleted Feature ကို အသုံးပြုပြီး Photo Post တွေတင်မဟုတ်ဘဲ Videos ၊ Reels ၊ IGTV Video နဲ့ Stories တွေကိုပါ ပြန်လည် Restore ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ ဖျက်လိုက်မိတဲ့ Post တွေကိုလည်း ရက် ၃၀ အတွင်းမှာ ပြန်လည် Restore ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် Stories တွေကို Restore ပြုလုပ်ဖို့အတွက်ကတော့ ၂၄ နာရီအတွင်းပဲ အကျူံးဝင်မှာဖြစ်ပါတယ်။

Instagram အသုံးပြုသူတွေအနေနဲ့ Recently Deleted Feature ကို အသုံးပြုချင်တယ်ဆိုရင်တော့ Settings – Account – Recently Deleted ကနေတစ်ဆင့် အသုံးပြုရမှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာ Instagram ကနေ အဆိုပါ Feature ကို စတင်ထုတ်ပေးနေပြီဖြစ်ပြီး လူတိုင်းအသုံးပြုနိုင်ဖို့အတွက်ကတော့ အချိန်အနည်းငယ်စောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – The Verge