နှစ်တစ်နှစ်ရဲ့ ဒုတိယနှစ်ဝက်ဟာ စမတ်ဖုန်းအမှတ်တံဆိပ်အတော်များများရဲ့ အထင်ကရ Flagship တွေကို အပြိုင်အဆိုင် ဈေးကွက်တင်ကြတဲ့ အချိန်ကာလလို့ ဆိုရပါလိမ့်မယ်။ ဒီထဲမှာ အမေရိကန်အခြေစိုက် Apple ရဲ့ iPhone တွေလည်း အပါအဝင် ဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ အခုလိုအချိန်မျိုးဟာ iPhone12 တွေမိတ်ဆက်ပေးမယ်အချိန်နဲ့ ပိုပြီးနီးကပ်လာတာမှန်ပေမယ့် ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် မူလရည်မှန်းထားတာထက် နောက်ကျမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့် iPhone 12 ကို ပွဲထုတ်ပေးမယ့်အချိန်၊ Apple Chip နဲ့ MacBook တွေကို မိတ်ဆက်ပေးလာမယ့်အချိန်တွေကတော့ ပေါက်ကြားထွက်ပေါ်လာခဲ့ပါပြီ။

iPhone 12 မိသားစုဟာ စက်တင်ဘာ ၈ ရက်နေ့မှာ မိတ်ဆက်ခြင်းခံရမှာဖြစ်ပြီး ဒီပွဲမှာ Apple Watch Series 6 ကလည်း ပါဝင်လာမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက iPhone 11 မိသားစုကို စက်တင်ဘာ ၁၀ ရက်၊ အင်္ဂါနေ့မှာ မိတ်ဆက်ခဲ့တာဖြစ်သလို၊ ဒီနှစ်ရဲ့ စက်တင်ဘာ ၈ ရက်ကလည်း အင်္ဂါနေ့ဖြစ်တာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ကနဦးသတင်းအချို့မှာလည်း Apple ဟာ iPhone သစ်တွေအားလုံးကို တစ်ရက်တည်းမှာ မိတ်ဆက်မယ်ဆိုပေမယ့် ဈေးကွက်ထဲပို့ဆောင်ချိန်ကိုတော့ ခွဲခြားထားမယ်လို့ ဖော်ပြခဲ့ဖူးပါသေးတယ်။

Apple ရဲ့ in-house chip ကိုအသုံးပြုထားတဲ့ MacBook, Apple Glass နဲ့ iPad Pro အသစ်တို့ဟာ လာမယ့်အောက်တိုဘာလ ၂၇ ရက်နေ့မှာ မိတ်ဆက်ပွဲနဲ့အတူ ပေါ်ထွက်လာမယ်လို့ Leakster က အရိပ်အမြွက်ပြောထားပါသေးတယ်။ အခြားအတည်ပြုစရာမရှိပေမယ့် Apple ရဲ့ အစဉ်အလာကို ထောက်ချင့်ရင်တော့ ဒီရက်စွဲတွေဟာ ဖြစ်နိုင်ခြေရှိတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာအချက်ကတော့ အချိန်အတော်ကြာစောင့်ဆိုင်းနေရတဲ့ iPhone တွေနဲ့ AirPods တွေအတွက် AirPower charging pad ဟာလည်း ဈေးကွက်ထဲရောက်လုပြီလို့ ဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် စက်တင်ဘာလ ၈ ရက်နေ့နဲ့၊ အောက်တိုဘာလ ၂၇ ရက်နေ့တွေဟာ စောင့်ကြည့်နေ့စွဲတွေအဖြစ် ပြက္ခဒိန်မှာ မှတ်သားထားရမယ့် နေ့တွေပဲဖြစ်ပါတယ်။

Ref: GSMArena