ယူအက်စ်နဲ့ ကနေဒါက iPhone 14 ပိုင်ရှင်တွေဟာ Satellite feature ကတစ်ဆင့် Emergency SOS ကို စတင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ လာမဲ့လမှတော့ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်နဲ့ ယူကေမှာရှိတဲ့ iPhone 14 ပိုင်ရှင်တွေလည်း အလားတူ လုပ်ဆောင်ချက်ကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဝန်ဆောင်မှုက Cell ဒါမှမဟုတ် Wi-Fi connectivity မရှိတဲ့ နေရာတွေမှာလည်း အရေးပေါ်ဝန်ဆောင်မှုတွေနဲ့ ဆက်သွယ်စေနိုင်တာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်တစ်ခုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပျက်စီးနေချိန်မျိုး၊ တောတွင်း၊ ဒါမှမဟုတ် ကန္တာရတစ်နေရာ စတဲ့နေရာမျိုးတွေမှာ ဒီဝန်ဆောင်မှုကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒီ Feature ရဲ့ အလုပ်လုပ်ပုံက အရေးကြီးတဲ့ အချက်အလက်တွေပါရှိတဲ့ မေးခွန်းပုံစံတိုကို ဖြေရခြင်းပဲ ဖြစ်ပါတယ်။ မေးခွန်းတွေအရ ဘယ်လိုအရေးပေါ်အခြေအနေ၊ လူဘယ်လောက်နဲ့ အကူအညီလိုအပ်ကြောင်းနဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေကို ဖြေပေးရမှာ ဖြစ်ပါတယ်။ ဒီအချက်အလက်တွေကို စာတိုပေးပို့နိုင်တဲ့ အရေးပေါ်ဝန်ဆောင်မှုတွေဆီကို တိုက်ရိုက်ပေးပို့ပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင်လည်း Apple ရဲ့ စင်တာတစ်ခုခုက ဖုန်းအသုံးပြုသူကိုယ်စား ဖုန်းခေါ်ဆိုပေးမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဂြိုလ်တုဆက်သွယ်ရေးဟာ Bandwidth နည်းပါးတာကြောင့် Apple ဟာ စာသား ၃၀၀% ကို ချုံ့လိုက်တဲ့ Compression ကို တီထွင်ခဲ့ပါတယ်။ Message ကို ထုတ်လွှတ်ဖို့အတွက် အချိန် ၁၅ စက္ကန့်ယူတယ်လို့ သိရပါတယ်။ (အကယ်၍ ကောင်းကင်မြင်ကွင်း မရှင်းလင်းရင် အချိန်ပိုယူနိုင်ပါတယ်)

မေးခွန်းတွေအပြင် ဖုန်းမှာ Medical ID ထည့်သွင်းထားရင်လည်း တစ်ပါတည်း ထည့်သွင်းထုတ်လွှတ်ပေးနိုင်ပါသေးတယ်။ ဒါဟာ အသုံးပြုသူရဲ့ အမျိုးမျိုးသော ကျန်းမာရေးအခြေအနေတွေကို ဖော်ပြထားတဲ့အတွက် (ဆေးဝါးဓာတ်မတည့်မှုလိုမျိုး) ပြဿနာတွေကို ကြိုတင်ကာကွယ် ဖြေရှင်းနိုင်ပါလိမ့်မယ်။

အရေးပေါ်ဂြိုလ်တု ချိတ်ဆက်မှုကို အသုံးပြုဖို့အခြားနည်းလမ်းဟာ Find My ရဲ့ Feature သစ်ကို အသုံးပြုပြီး အသုံးပြုသူရဲ့တည်နေရာကို သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ မျှဝေထားခြင်းပဲ ဖြစ်ပါတယ်။ အဆိုပါ Emergency SOS ကို iPhone 14, 14 Plus, 14 Pro နဲ့ 14 Pro Max မော်ဒယ်လေးမျိုးလုံးမှာ ရရှိမှာ ဖြစ်ပါတယ်။ Satellite feature ကို အသုံးပြုဖို့အတွက် iOS 16.1 နဲ့အထက် ရှိဖို့ လိုအပ်ပါတယ်။

Ref: GSM Arena