iPhone 14 စီးရီးတွေကို တရားဝင်မိတ်ဆက်ပြီးဖြစ်တာကြောင့် အခုအချိန်ဟာ လာမဲ့ မျိုးဆက်သစ် iPhone 15 တွေအကြောင်းကို မျှော်မှန်းပြောဆိုရမဲ့အချိန်ကို ရောက်လာပြီလို့ ဆိုနိုင်ပါတယ်။ သတင်းတွေအရတော့ Apple ရဲ့ 2023 iPhone မော်ဒယ်တွေအားလုံး ဒါမှမဟုတ် ပရီမီယံဗားရှင်းတွေမှာ အကြီးစားပြုပြင်မွမ်းမံမှုတွေ ပါဝင်လာမယ်လို့ သိရပါတယ်။
Bloomberg က Mark Gurman ကတော့ Apple ဟာ သူ့ရဲ့ဖုန်းတွေကို သုံးနှစ်တစ်ကြိမ် ထူးထူးခြားခြား ပြောင်းလဲမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။ iPhone 14 Pro နဲ့ Pro Max တွေကို A16 Bionic chip နဲ့ မောင်းနှင်ထားပြီး ဒါဟာ 4nm process ကို အခြေခံထားတာ ဖြစ်ပါတယ်။ အခြား Hardware ပိုင်း အဓိကအပြောင်းအလဲက 48MP အဓိက ကင်မရာပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ လာမဲ့နှစ်မှာတော့ iPhone သစ်တွေဟာ ပိုပြီးကြီးမားတဲ့ အပြောင်းအလဲသစ်တွေ ပါဝင်လာမယ်လို့ Mark က ယုံကြည်နေတာ ဖြစ်ပါတယ်။ လာမဲ့နှစ်မှာ အဆင့်မြင့်မော်ဒယ်တွေကြား ကွဲပြားမှုတွေ ပိုပြီးရှိလာမယ်လို့လည်း ကောလာဟလ ထွက်ထားပြီး Apple ဟာ ပရီမီယံမော်ဒယ်အများစုအတွက် Ultra အမည်နဲ့ ဖြေရှင်းထားတာကြောင့် Pro Max အမည်ကို ဖြုတ်ချတော့မယ်လို့လည်း ဆိုပါတယ်။
သိသာထင်ရှားမဲ့ အပြောင်းအလဲတစ်ခုကတော့ iPhone သစ်တွေဟာ USB-C ကို ပြောင်းလဲသွားတာလည်း ဖြစ်နိုင်ပါတယ်။ လာမဲ့နှစ် ပရီမီယံမော်ဒယ်တွေဟာ Zooming ကို ပိုဝေးဝေးဆွဲနိုင်တဲ့ စွမ်းရည်အဖြစ် Periscope lens တွေ ပြောင်းလဲလာမယ်လို့လည်း ကောလာဟလထွက်ထားပါတယ်။ ဒါပေမဲ့ iPhone 15 Ultra ကပဲ Periscope lens ပါဝင်မယ်လို့ ဆိုပါတယ်။
LeaksApplePro ရဲ့ ဖော်ပြမှုအရ Ultra ဟာ 8K ဗီဒီယို ရိုက်ကူးနိုင်မှာဖြစ်ပြီး iPhone 14 pro Max ထက် ဈေးပိုကြီးနိုင်တယ်လို့လည်း သိရပါတယ်။ iPhone 15 Ultra ဟာ iPhone 14 Pro Max ထက် သုံးနာရီ၊ ဒါမှမဟုတ် ၄ နာရီပိုအသုံးပြုနိုင်မယ်လို့လည်း သတင်းထွက်ထားပါတယ်။ ဒါ့အပြင် iPhone 15 Ultra နဲ့ iPhone 15 Pro တို့မှာ 3nm process အခြေခံ A17 Chip ကို အသုံးပြုထားမယ်လို့လည်း ဆိုပါတယ်။
တိုက်တေနီယမ်ကိုယ်ထည်တည်ဆောက်မှု၊ Circular buttons, Camera bump ဖယ်ထုတ်ခြင်း စတဲ့ ဒီဇိုင်းပြောင်းလဲမှုတွေကိုလည်း iPhone 15 Ultra မှာ တွေ့မြင်နိုင်မယ်လို့လည်း ဆိုပါတယ်။ ပုံမှန်မော်ဒယ်တွေကတော့ A16 Bionic နဲ့ပဲဖြစ်ပြီး Dynamic Island နဲ့ Notch ကို ဆက်တွေ့ရဦးမယ်လို့ ကောလာဟလထွက်နေတာပဲ ဖြစ်ပါတယ်။
Ref: Phone Arena