ပထမမျိုးဆက် iPhone ကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ ကြေညာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ iPhone သက်တမ်းဟာ ၁၆ နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။ အခုတော့ ဈေးကွက် သုတေသန အဖွဲ့အစည်း IDC က iPhone နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။

IDC က Apple ဟာ ပထမမျိုးဆက် iPhone ကနေစပြီး လက်ရှိအချိန်အထိ iPhone အလုံးရေ ၂.၃၂ ဘီလီယမ် ရောင်းချထားပြီးပြီလို့ ပြောပါတယ်။ ဒီနေ့ခေတ်မှာ iPhone ဟာ Apple ရဲ့ အဓိက ထုတ်ကုန် ဖြစ်ပြီး Macs, iPad နဲ့ ထုတ်လုပ်မှုရပ်နားထားတဲ့ iPods တို့ထက် ရောင်းအား သိသိသာသာ ပိုကောင်းပါတယ်။

iPhone 14

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ Apple က Active iPhone အသစ်ပေါင်း သန်း ၁၅၀ ရရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ Apple CEO Tim Cook က Active iPhone ပေါင်း ၁.၈ ဘီလီယမ် ရှိတယ်လို့ ပြောခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလက Active iPhone ပေါင်း ၁.၅ ဘီလီယမ်ထက် တိုးတက်လာတာ ဖြစ်ပါတယ်။

Apple ဟာ ၁ ဘီလီယမ်မြောက် iPhone ကို ၂၀၁၆ ခုနှစ်က ရောင်းချနိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ Active iPhone User ပေါင်း သန်း ၉၀၀ အထိ ရှိလာခဲ့ပါတယ်။ ပြိုင်ဖက် ကုမ္ပဏီတွေဟာ စွမ်းရည်မြင့် Android စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချကာ iPhone ကို ယှဉ်ပြိုင်နေပေမယ့် စမတ်ဖုန်း လောကမှာ iPhone ဟာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းတွေထဲက ၁ ခု ဖြစ်နေဆဲပါပဲ။

Ref : gizchina