Apple ဟာ ယခုနှစ်မှာ $399 တန် iPhone SE ကို ပြီးခဲ့တဲ့လပိုင်းတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ iPhone SE (2020) ဟာ လက်ရှိ iPhone 11 Series ဖုန်းတွေမှာ အသုံးပြုထားတဲ့ A13 Bionic Chip ကိုပဲ အသုံးပြုထားတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ တခြားစျေးနှုန်းတူဖုန်းတွေထက် သိသိသာသာကို ပိုကောင်းနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple ကနေ လာမယ့် iPhone SE 2 အတွက်ကိုတော့ Generation တစ်ဆင့်နိမ့်တဲ့ Flagship A Series Chip အစား သီးသန့် Mid Range Chip ကို ထည့်သွင်းပေးသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Mid Range Chip အသစ်ဟာ လက်ရှိအချိန်မှာ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး B14 Bionic Chip လို့ နာမည်ပေးသွားဖွယ်ရှိနေပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ iPad Air 4th Gen မှာ ကမ္ဘာ့ပထမဆုံး 5nm Architecture ကို အခြေခံထားတဲ့ A14 Bionic Chip ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ အဆိုပါ A14 Bionic Chip ဟာ iPhone 12 Series မှာလည်း ပါဝင်ဖို့ကျိန်းသေတဲ့အတွက် ဖြစ်နိုင်တာကတော့ iPhone SE 2 မှာ ပါဝင်လာမယ့် B14 Bionic Chip ဟာ A14 Bionic Chip လိုမျိုးပဲ 5nm Architecture ကိုပဲ စွမ်းဆောင်ရည်လျော့ထားပြီး Battery စားပိုသက်သာမယ့် Chip တစ်ခုဖြစ်လာနိုင်ပါတယ်။

ယခု Apple ရဲ့ B14 Bionic Chip လို့ နာမည်ပေးထားတဲ့ Chip အသစ်ဟာ ထုတ်လုပ်နေတယ်ဆိုတာကိုတော့ အတည်ပြုနိုင်ခဲ့ပေမယ့် ဘယ် Device တွေမှာ အသုံးပြုမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ iPhone SE 2 သို့မဟုတ် iPhone SE Plus ဖုန်းတွေမှာ အသုံးပြုလာနိုင်သလို ယခုနှစ်မှာ ထွက်ရှိလာမယ့် 5.4-inch iPhone 12 Mini မှာလည်း အသုံးပြုလာနိုင်တယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ်လို့သာ Apple အနေနဲ့ iPhone SE Series ကို နှစ်တိုင်း Mid Range Chip သီးသန့်အသုံးပြုပြီး မိတ်ဆက်သွားမယ်ဆိုရင် ယခု iPhone SE (2020) ထက်တောင် စျေးပိုသက်သာလာနိုင်ပါတယ်။

Ref – Phone Arena