Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက Apple Tracking Transparency (ATT) လုပ်ဆောင်ချက်နဲ့ ပြင်ပ Apps တွေရဲ့ ခြေရာခံခြင်းကို ရှောင်ဖယ်ခွင့်ပြုခဲ့ပါတယ်။ ဒီတုန်းက Zuckerberg က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အကြောင်းကတော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို Zuckerberg တစ်ယောက် ကြိုသိပြီးလို့ ဖြစ်ပါလိမ့်မယ်။

ATT စတင်တဲ့နှစ်မှာတင် Facebook ဟာ အလားအလာရှိတဲ့ ဝင်ငွေ ဒေါ်လာ ၁၀ ဘီလီယံကို ဆုံးရှုံးခဲ့တယ်လို့ Electronic Frontier Foundation က ဖော်ပြခဲ့ပါတယ်။ Apple ရဲ့ ATT ကို ဖြန့်ချိမဲ့ဆုံးဖြတ်ချက်ကြောင့် ဆုံးရှုံးသွားတဲ့ဝင်ငွေတွေကို ပြန်ရနိုင်မဲ့နည်းလမ်းကို Facebook က ဖန်တီးခဲ့တယ်လို့လည်း သံသယမကင်းတဲ့ ထင်ကြေးပေးမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

Google အင်ဂျင်နီယာဟောင်းနဲ့ လုံခြုံရေး သုတေသီတစ်ဦးဖြစ်တဲ့ Felix Krause က Meta ဟာ iOS users တွေက Facebook ရဲ့ In-app browser မှာ ရိုက်လိုက်တဲ့ Keystrokes တွေကို ခြေရာခံနေတယ်လို့ ပြီးခဲ့တဲ့လကတင် ပြောခဲ့ပါသေးတယ်။ ဒါ့အပြင် Facebook နဲ့ Instagram တို့ဟာ အသုံးပြုသူရဲ့ ခွင့်ပြုချက်မရှိဘဲ Credit card data, address, passwords စတာတွေကို ရယူဖို့အတွက် JavaScript ကို အသုံးပြုနိုင်တယ်လို့လည်း Krause က ပြောခဲ့ပါသေးတယ်။

Krause ရဲ့ စွပ်စွဲချက်တွေကို ကိုးကားပြီး iOS အသုံးပြုသူ သုံးယောက်က Meta ကို တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။ သူတို့က Meta ဟာ တရားမဝင်တဲ့ လုပ်ဆောင်ချက်တွေကို ကျူးလွန်တယ်လို့ iOS အသုံးပြုသူတွေအားလုံးကိုယ်စား စွပ်စွဲထားတာ ဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေထဲမှာ − Privacy risks တွေကို ဖုံးကွယ်ထားခြင်း၊ − iOS user တွေရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ ရွေးချယ်မှုတွေကို လျစ်လျူရှုခြင်း၊ − Facebook ဒါမှမဟုတ် Instagram ရဲ့ Browser မှာ Third-party websites ကြည့်ရှုမှုမှန်သမျှကို စောင့်ကြည့်ခြင်း၊ မှတ်တမ်းယူခြင်းတွေ ပြုလုပ်ထားခြင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

Ref: Phone Arena