Vivo ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ iQOO ဟာ ဂိမ်းမင်းဖုန်းတွေနဲ့ ထိုးဖောက်လာတာဖြစ်ပြီး တရုတ်ပြည်ဈေးကွက်မှာတော့ လူကြိုက်များတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းက iQOO ဟာ သူတို့ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ iQOO 3 5G ကို Teased လုပ်ခဲ့ပါသေးတယ်။

အခုလည်း ကုမ္ပဏီက iQOO 3 5G နဲ့ပတ်သက်ပြီး နောက်ထပ် Teaser တစ်ခုကို Weibo မှာ မျှဝေပေးလိုက်ပြန်ပါပြီ။ ဒီတစ်ခါ Teaser မှာတော့ iQOO 3 5G ရဲ့ ဒီဇိုင်းပိုင်းကိုလည်း ပြသလာတာကို တွေ့ရပါတယ်။ ပိုစတာအရဆိုရင်တော့ iQOO 3 5G ဟာ ညာဘက်ခြမ်းမှာ အသံအတိုးအချဲ့ခလုတ်နဲ့အနီရောင် ပါဝါခလုတ် ပါဝင်တာကိုတွေ့မြင်နိုင်ပါတယ်။ ထောင့်မှာလည်း Touch-sensitive shoulder button ရှိနေတယ်လို့ ယူဆရပါတယ်။

iQOO 3 5G ဟာ ထိပ်ဘက်မှာ 3.5mm headphone jack ထည့်သွင်းပေးထားတာလည်း တွေ့မြင်ရပါတယ်။ ဟန်းဆက်ရဲ့ ကျောဘက်ကိုကြည့်လိုက်ရင်တော့ ကင်မရာလေးလုံးတပ်ဆင်ထားတာကို တွေ့ရပါတယ်။ ကင်မရာသုံးလုံးက LED ဖလက်ရှ်နဲ့ အတူ အထက်အောက်တန်းစီပြီး တပ်ဆင်ထားတာပါ။ အဓိက ကင်မရာက 48MP ဖြစ်ပြီး စတုတ္ထမြောက်ကင်မရာကိုတော့ ဘေးမှာ သီးသန့်နေရာချထားပါတယ်။

iQOO 3 5G ဟာ Geekbench မှာ “kona” ဆိုတဲ့ ကုဒ်နာမည်နဲ့အတူ ဖြတ်သန်းခဲ့ပြီး Snapdragon 865 SoC တပ်ဆင်ထားတာလည်း မြင်တွေ့ရပါတယ်။ Benchmark အရဆိုရင် Android 10 မောင်းနှင်ထားပြီး 12GB of RAM နဲ့ လာမယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါပေမယ့် TENAA မှာတော့ 6GB နဲ့ 8GB of RAM ဆိုပြီး နောက်ထပ် နှစ်မျိုး တွေ့မြင်ရပါတယ်။

အခုအထိတော့ iQOO 3 5G ဖြန့်ချိမယ့်အချိန်ကို ကုမ္ပဏီက ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ ပုံမှန်ဆိုရင်တော့ ဒီလိုအချက်အလက်တွေ ပေါက်ကြားပြီး Teaser တွေလည်းထွက်ခဲ့ပြီဆိုရင် ဖြန့်ချိမယ့်ရက်က သိပ်မဝေးတော့ဘူးလို့ သိနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းလည်ပတ်မှုတွေ အနည်းငယ်နှောင့်နှေးနေချိန်ဖြစ်တာကြောင့် ဖြန့်ချိမယ့်ရက်ကို အနည်းငယ်ပိုပြီး စောင့်ဆိုင်းရတာလည်း ဖြစ်နိုင်ပါတယ်။

Ref: GSM Arena