ဂျပန်က လုပ်လိုက်ရင် ထူးထူးဆန်းဆန်းတွေပါပဲ။ ဂျပန်ရဲ့ West Japan Railway က မီးရထားလမ်း ထိန်းသိမ်းပြုပြင်ပေးနိုင်တဲ့ အရပ်အမြင့် ၁၂ မီတာရှိတဲ့ လူတူစက်ရုပ်ကို မိတ်ဆက်လိုက်ပါတယ်။ သိပ္ပံရုပ်ရှင် ဇာတ်ကားတွေထဲက စက်ရုပ်နဲ့ ဆင်တူပြီး ကြီးမားတဲ့ လက်တံတွေ တပ်ဆင်ထားပါတယ်။

ရထားလမ်းပေါ်မှာ မောင်းနှင်နိုင်တဲ့ ထရပ်ကားပေါ်မှာ စက်ရုပ်ကို တပ်ဆင်ထားပြီး ထရပ်ကားထဲမှာ စက်ရုပ်ကို ထိန်းချုပ်မယ့် လူ လိုက်ပါမှာပါ။ စက်ရုပ်ရဲ့ မျက်လုံးမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကို လူက ကြည့်နိုင်ပြီး ရထားလမ်း ထိန်းသိမ်းပြုပြင်မှုကို ပြုလုပ်မှာပါ။ ဒီလက စတင်ကာ အဲဒီစက်ရုပ်နဲ့ ကုမ္ပဏီရဲ့ ရထားလမ်းတွေကို ထိန်းသိမ်းပြုပြင်မှာ ဖြစ်ပါတယ်။

စက်ရုပ်ရဲ့ အရပ်အမြင့်ဟာ ၁၂ မီတာ (ပေ ၄၀) ရှိပြီး လက်တံတွေမှာ ကိရိယာမျိုးစုံ တပ်ဆင်နိုင်အောင် ပြုလုပ်ထားပါတယ်။ လက်တံတွေက ၄၀ ကီလိုဂရမ် (၈၈ ပေါင်) အလေးချိန်ရှိတဲ့ အရာဝတ္ထုတွေကို သယ်မနိုင်ပြီး ဆေးသုတ်တံနဲ့ လွှစက်ကို ကိုင်တာတွေ ပြုလုပ်နိုင်ပါတယ်။

လက်ရှိမှာ စက်ရုပ်ရဲ့ ပင်မ အလုပ်က ရထားလမ်းပေါ်က သစ်ကိုင်းတွေကို ဖယ်ရှားတာနဲ့ ရထားတွေအထက်က ကြိုးတွေကို သယ်မထားတဲ့ သတ္တုဖရိမ်တွေကို ဆေးသုတ်တာ ဖြစ်ပါတယ်။

ဒီနည်းပညာက ဂျပန်ရဲ့ အလုပ်သမား ရှားပါးတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်သလို အလုပ်သမားတွေ အမြင့်ကနေ ပြုတ်ကျတာလို၊ ဓါတ်လိုက်တာလို မတော်တဆမှုတွေကို ကာကွယ်ပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အနာဂတ်မှာ ရထားလမ်း ထိန်းသိမ်းပြုပြင်တဲ့ အလုပ်အားလုံးကို စက်ရုပ်က ပြုလုပ်ပေးနိုင်မယ်လို့ ကုမ္ပဏီက ယုံကြည်ထားပါတယ်။

Ref : Tech DAD, Guardian