ဂျပန်နိုင်ငံရဲ့ ကုန်စုံဆိုင်လုပ်ငန်းတွေဟာ ဝန်ထမ်းပြဿနာနဲ့ကြုံတွေ့နေရတာ နှစ်အနည်းငယ်ကြာခဲ့ပါပြီ။ လုပ်ငန်းတွေကို အလျင်အမြန်တိုးချဲ့လာတဲ့နောက်မှာ လိုအပ်တဲ့ဝန်ထမ်းဦးရေက မလုံလောက်တော့တာ ဖြစ်ပါတယ်။ အထူးသဖြင့် Lawson, 7-Eleven နဲ့ Family Mart တို့မှာ ဝန်ထမ်းလိုအပ်ကြောင်း ကြော်ငြာစာတွေကပ်ထားရတာ အမြဲလိုလိုတွေ့နိုင်ပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့အတွက် တုန့်ပြန်မှုကတော့ နည်းပညာရဲ့အကူအညီကို ရှာဖွေလာရတာပဲ ဖြစ်ပါတယ်။ Lawson ဟာ ကိုယ်တိုင်ငွေပေးချေတဲ့စနစ်ကို စတင်စမ်းသပ်နေပြီး Family Mart ကတော့ Model-T ရဲ့ အကူအညီကို ယူခဲ့ရပါတယ်။ Model-T ဟာ လူသားဝန်ထမ်းတော့မဟုတ်ပါဘူး။

ဂျပန်စက်ရုပ်ကုမ္ပဏီ Telexistence က ဒီဇိုင်းထုတ်ထားတဲ့ Model-T ဟာ “Augmented Workforce Platform” ကို အသုံးပြုတဲ့ VR Set တပ်ဆင်ထားပြီး လူသားရဲ့ အဝေးထိန်းစနစ်နဲ့ လုပ်အားကို တိုးပွားစေတာဖြစ်ပါတယ်။ ပူးတွဲပါဗီဒီယိုအရ တိုကျိုမြို့ရဲ့ Teshima ရပ်ကွက်မှာရှိတဲ့ Model-T ကို ၈ ကီလိုမီတာ (၅ မိုင်) ခန့်အကွာက Telexistence ရုံးမှာရှိနေတဲ့လူငယ်က ထိန်းချုပ်ခိုင်းစေတာ ဖြစ်ပါတယ်။

ရှေ့ပြေးစမ်းသပ်သရုပ်ပြမှုအရ အချိုရည်ပုလင်းတွေ နေရာချဖို့နဲ့ ကောင်တာကို ကြည့်ဖို့ အနည်းဆုံး လူနှစ်ယောက်လိုအပ်တဲ့ လုပ်ငန်းခွင်အတွက် Model-T စက်ရုပ်တစ်ရုပ်တည်းက ဖြေရှင်းပေးနိုင်တာဖြစ်ပါတယ်။ ဒီနည်းနဲ့ စက်ရုပ်ဟာ အချိုရည်ပုလင်းတွေကို တစ်နေ့တာလုံး နေရာအနှံ့နေရာချသိမ်းဆည်းနိုင်ပြီး ဝန်ထမ်းကတော့ ဖောက်သည်တွေကို အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

တိုးတက်လာတာတစ်ခုက Model-T ဟာ Kick-ass, cat-monster, RoboCop 2-reject ပုံစံတွေ ရှိတာပါပဲ။ ဒါဟာ ခေတ်ကုန်သွားတဲ့ စက်ရုပ်ဒီဇိုင်းတွေထက် ပိုပြီးသာတယ်လို့ ဆိုရမှာပါ။ ဒီလို စက်ရုပ်အစားထိုးတာနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်က တုန့်ပြန်မှုကတော့ အပေါင်းလက္ခဏာဆောင်တာကို တွေ့ရပါတယ်။

ဒီစီမံကိန်းဟာ ဂျပန်အစိုးရရဲ့ ၂၀၅၀ ပြည့်နှစ်မှာ အလုပ်သမားတွေက စက်ရုပ်တွေကိုထိန်းချုပ်လုပ်ကိုင်မှုအစားထိုးဖို့အတွက် ပဏာမခြေလှမ်းလို့ ဆိုရမှာပါ။ တစ်ဘက်မှာလည်း Family Mart ဟာ ၂၀၂၂ မှာ Model-T တွေကို နေရာ ၂၀ မှာ ထားရှိဖို့ အစီအစဉ်ချထားတယ်လို့ သိရပါတယ်။ ဒီနည်းနဲ့ စတိုးဆိုင်တွေရဲ့ လုပ်အားမြန်နှုန်းနဲ့ တိကျမှုကို တိုးမြှင့်သွားနိုင်တာလည်း ဖြစ်ပါတယ်။

Ref: Soranews24