Kawasaki Heavy Industries က လူစီးနိုင်တဲ့ Corleo အမည်ရ မြင်းစက်ရုပ်ကို ပြသလိုက်ပါတယ်။ ဟိုက်ဒရိုဂျင်နဲ့ မောင်းနှင်တဲ့ စက်ရုပ် ဖြစ်ပါတယ်။

ကုမ္ပဏီက မြင်းစက်ရုပ်မှာ ခြေထောက် ၄ ချောင်း ပါတဲ့အတွက် မညီညာတဲ့ မြေပြင်၊ တောင်ကုန်းတွေမှာ သွားလာနိုင်တယ်လို့ ပြောပါတယ်။ CGI နဲ့ ပြုလုပ်ထားတဲ့ ဗီဒီယိုမှာ မြင်းစက်ရုပ်ဟာ တောင်တက်တာနဲ့ ရေခဲပြင်မှာ ပြေးတာတွေကို ပြသထားပါတယ်။ အဲဒီအတိုင်း ဖြစ်လာရင်တော့ တော်တော်မိုက်မှာပါ။

Kawasaki Heavy Industries က ပြီးခဲ့တဲ့ တစ်ပတ်က ကျင်းပခဲ့တဲ့ Osaka Kansai Expo မှာ အဲဒီ မြင်းစက်ရုပ်ကို ပြသခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ Corleo ဟာ သိပ္ပံရုပ်ရှင်ဇာတ်ကားတွေထဲက စက်ရုပ်တွေနဲ့ တော်တော် တူပါတယ်။ Concept အဆင့်ပဲ ရှိသေးပြီး ကုမ္ပဏီက ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

လက်ရှိမှာ ခွေး စက်ရုပ်တွေကိုတော့ တော်တော်များများတွေ့မြင်လာရပါပြီ။ စက်ရုပ် ကုမ္ပဏီ ၁ ခု ဖြစ်တဲ့ Xiaopeng  Motors က ပြီးခဲ့တဲ့နှစ်မှာ ကလေးတွေ စီးနိုင်တဲ့ Unicorn စက်ရုပ်ကိုပြသခဲ့ပါတယ်။ အနာဂတ်မှာတော့ လူတွေ စီးနိုင်တဲ့ စက်ရုပ်များစွာ ထွက်ပေါ်လာမယ်လို့ ထင်ရပါတယ်။

Ref : Futurism