Apple ဟာ MacBook Pro 14-inch နဲ့ 16-inch တွေမှာ miniLED Display ကို အသုံးပြုနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန် MacBook Pro 13-inch နဲ့ MacBook Air တွေမှာတော့ သာမန် LCD Display ကိုပဲ ဆက်လက်အသုံးပြုနေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာ Windows Laptop တွေဟာ OLED Display တွေကို ကူးပြောင်းနေပြီဖြစ်ပြီး နောက်ဆုံးထွက်ရှိလာတဲ့သတင်းတွေအရ Apple ဟာ လာမယ့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ပြီး MacBook တွေမှာ OLED Display ကို စတင်အသုံးပြုသွားမှာဖြစ်ပါတယ်။ အဆိုပါသတင်းကို Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို အမြဲတမ်းခန့်မှန်းနေကျ Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo က ဖော်ပြခဲ့တာဖြစ်ပါတယ်။

Ming-Chi Kuo ရဲ့ ပြောကြားချက်အရ MacBook တွေမှာ miniLED အစား OLED Display ကိုပြောင်းလဲအသုံးပြုတာက အားသာချက်အနည်းငယ်ရှိလာမှာဖြစ်ပါတယ်။ ဒါက ယခုထက် ပိုမို ပါးလွှာပြီး ပေါ့ပါးတဲ့ ဒီဇိုင်းပိုင်းကို ပြောင်းလဲနိုင်သလို နောက်ပိုင်းမှာ Foldable ဒီဇိုင်းပိုင်းကိုပါ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

Ming-Chi Kuo က Apple ရဲ့ ပထမဆုံးသော OLED Display ပါဝင်တဲ့ MacBook က ဘယ်အမျိုးအစားဖြစ်လာမလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိပေမယ့် Display Industry Insider တစ်ဦးဖြစ်တဲ့ Ross Young က 13-inch OLED MacBook Air ကို အရင်ဆုံးအနေနဲ့ စတင်မိတ်ဆက်သွားမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ Apple ဟာ MacBook တွေမှာ OLED Display ကို ပြောင်းလဲအသုံးပြုမယ့်အပြင် ၂၀၂၅ ခုနှစ်မှာ Touch Screen Support ကိုပါ ထည့်သွင်းသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

Ref – GSM Arena