လက်ရှိကမ္ဘာ့ဈေးကွက်ကို စိုးမိုးထားတဲ့ ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်တွေထဲမှာ Samsung, Apple တို့ ပါဝင်တယ်ဆိုပေမယ့် တရုတ်အခြေစိုက် ကုမ္ပဏီကြီးတွေရဲ့ စုစုပေါင်း ဈေးကွက်ဝေစုကလည်း မသေးပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ တရုတ်ဖုန်းတွေနေရာမှာ အခြားနိုင်ငံထုတ်စမတ်ဖုန်းတွေကို အစားထိုးသုံးစွဲဖို့ဆိုတာ ထင်သလောက် မလွယ်သေးတာကတော့ လက်ခံရမယ့်အမှန်တရားပါ။

ဒါပေမယ့် စမတ်ဖုန်းမဟုတ်ဘဲ Laptop ဆိုရင်တော့ ရွေးချယ်စရာတွေ အများကြီး ရှိနေတာကို တွေ့ရပါလိမ့်မယ်။ ဒီနေ့ ကမ္ဘာ့ထိပ်တန်း Laptop အမှတ်တံဆိပ်တွေလို့ပြောလိုက်ရင် Lenovo, HP, Dell, Apple, Acer စတာတွေကိုပဲ ရည်ညွှန်းရမှာ ဖြစ်ပါတယ်။ ဒီအမှတ်တံဆိပ်တွေထဲမှာ ဈေးကွက်ဝေစုကို ဦးဆောင်နေတာက Lenovo ဖြစ်ပါတယ်။

တရုတ်အခြေစိုက် ကုမ္ပဏီရဲ့ Lenovo အမှတ်တံဆိပ်ဟာ IdeaPad, Legion, ThinkPad, ThinkBook, Yoga စတဲ့ အမျိုးအစားတွေနဲ့ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်နိုင်ခဲ့ပြီး၊ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရဲ့ စတုတ္ထသုံးလပတ်စာရင်းအရ စုစုပေါင်းဈေးကွက်ဝေစုရဲ့ ၂၅.၈% ကို ရယူထားနိုင်တယ်လို့ သိရပါတယ်။ Lenovo ကို ၁၉၈၄ ခုနှစ်ကတည်းက ဘေဂျင်းမှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဈေးကွက်ဝေစုကို ဒုတိယအများဆုံးရယူထားနိုင်တာကတော့ HP အမှတ်တံဆိပ်ပါ။ အမေရိကန်အခြေစိုက် ကုမ္ပဏီဟာ Elitebook, Envy, Omen, Pavilion, ZBook, Spectre, Probook စတဲ့ လိုင်းတွေနဲ့ ကျော်ကြားခဲ့ပြီး ဈေးကွက်ဝေစုရဲ့ ၂၂.၆% ကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

တတိယနေရာမှာရှိနေတာက အမေရိကန်အခြေစိုက် အမှတ်တံဆိပ်ဖြစ်တဲ့ Dell ဖြစ်ပါတယ်။ Dell ဟာ Alienware, G Series, Inspiron, Latitude, Precision, Vostro, XPS စတဲ့ လိုင်းတွေကို ထုတ်လုပ်ရောင်းချနေတာပါ။ Dell ပိုင်ဆိုင်ထားတဲ့ ဈေးကွက်ဝေစုကတော့ ၁၆.၆% ဖြစ်ပါတယ်။

နောက်ထပ်အမေရိကန်အခြေစိုက် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Apple ကတော့ ဈေးကွက်ဝေစု ၉.၁% နဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။ MacBook တွေရဲ့ တီထွင်နိုင်စွမ်းအပြင်၊ အရည်အသွေးဆိုင်ရာ ကောင်းမွန်မှုက ဈေးကွက်ဝေစုကို ထပ်ပြီး တိုးချဲ့နိုင်မယ်လို့ ယုံကြည်ရပါတယ်။

ထိပ်ဆုံး ၅ နေရာရဲ့ နောက်ဆုံးနေရာမှာတော့ ထိုင်ဝမ်အခြေစိုက် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Acer က ဈေးကွက်ဝေစု ၈% ကို ရယူပြီး ရပ်တည်နေခဲ့တာကို တွေ့မြင်ရပါတယ်။ ထိုင်ဝမ်ကုမ္ပဏီဟာ Aspire, Swift, Extensa, Predator, Travelmate စတဲ့ လိုင်းတွေနဲ့ နာမည်ကျော်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဈေးကွက်ထဲမှာ လူသိများပြီး အသုံးများတဲ့နောက်ထပ်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Asus ကလည်း ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ZenBook စီးရီးတွေက အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းမြင့်မားတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။ VivoBook တွေကတော့ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ဖျော်ဖြေရေး၊ သင်ကြားရေးမှာ အသုံးတည့်တဲ့ အမျိုးအစားအဖြစ် လူသိများပါတယ်။ ROG တွေကတော့ Gamer တွေရဲ့မိတ်ဆွေလို့တောင် ပြောနိုင်ပါတယ်။

မြန်မာပြည်ဈေးကွက်ထဲမှာတွေ့နေရတဲ့ အခြားအမှတ်တံဆိပ်တွေဖြစ်တဲ့ Google, Microsoft, izio စတာတွေကတော့ အမေရိကန်အခြေစိုက် ကုမ္ပဏီတွေက ထုတ်လုပ်တာဖြစ်ပြီး၊ Fujtsu VAIO, Panasonic, Sharp တို့က ဂျပန်အမှတ်တံဆိပ်တွေ ဖြစ်ကြပါတယ်။ MSi (Micro-Star International) ကလည်း ထိုင်ဝမ်အမှတ်တံဆိပ်ဖြစ်သလို၊ Gigabyte Technology ကလည်း ထိုင်ဝမ်အမှတ်တံဆိပ်ဖြစ်ပါတယ်။ Samsung, LG တို့ကတော့ တောင်ကိုရီးယား အမှတ်တံဆိပ်တွေ ဖြစ်ပါတယ်။

Huawei – MateBook, Xiaomi – Mi NoteBook, Hasee, Founder, Lemote, စတာတွေကတော့ တရုတ်အခြေစိုက် ကုမ္ပဏီတွေက ထုတ်လုပ်တာတွေ ဖြစ်ပါတယ်။

Ref: Google