ဆန်းသစ်တီထွင်မှုတွေနဲ့ နာမည်ကျော်ကြားတဲ့ ဂျပန်အိမ်သာထုတ်လုပ်သူတွေဟာ ကျန်းမာရေးလိုက်စားသူတွေအတွက် မစင်ကို ခွဲခြမ်းစိတ်ဖြာပေးနိုင်တဲ့ နည်းပညာသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ Toto Ltd က ပြီးခဲ့တဲ့ သြဂုတ်လမှာ Neorest စီးရီး မော်ဒယ်သစ်နှစ်မျိုးကို ထုတ်လုပ်ခဲ့ပြီး အဲဒီအိမ်သာခွက်တွေထဲမှာ မစင်ရဲ့ ပုံသဏ္ဌာန်၊ ပမာဏနဲ့ အရောင်ကို တိုင်းတာပေးမယ့် LED အာရုံခံကိရိယာတွေ ပါဝင်ပါတယ်။
ဒါဟာ ဂျပန်နိုင်ငံမှာ အိမ်သုံးအနေနဲ့ ပထမဆုံးထုတ်လုပ်တဲ့စနစ်ဖြစ်ပြီး မစင်ရဲ့ ပုံစံနဲ့ မာကျောမှုကို အဆင့် ၇ ဆင့်၊ ပမာဏနဲ့ အရောင်ကို အဆင့် ၃ ဆင့် ခွဲခြားသတ်မှတ်ပေးပါတယ်။ အသုံးပြုသူတွေအနေနဲ့ စမတ်ဖုန်း Application ကနေတဆင့် ကိုယ့်ရဲ့ ဝမ်းသွားမှုအခြေအနေကို စောင့်ကြည့်နိုင်သလို ဟင်းသီးဟင်းရွက် ပိုစားသင့်တယ်ဆိုတာမျိုး အစားအသောက်ဆိုင်ရာ အကြံပြုချက်တွေကိုလည်း ရယူနိုင်မှာ ဖြစ်ပါတယ်။

တဖက်မှာလည်း Panasonic Housing Solutions Co က သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေအတွက် Toirepo ဆိုတဲ့ ကိရိယာကို ထုတ်လုပ်ထားပါတယ်။ အဲဒီကိရိယာက အိမ်သာတက်တဲ့ အချိန်၊ အကြိမ်အရေအတွက်နဲ့ ပမာဏတွေကို အာရုံခံကိရိယာနဲ့ မှတ်တမ်းတင်ပေးတာကြောင့် ဝန်ထမ်းတွေနဲ့ လူနာတွေအတွက် လူကိုယ်တိုင်စစ်ဆေးရတဲ့ အခက်အခဲနဲ့ မနှစ်မြို့ဖွယ်ရာတွေကို လျော့နည်းစေပါတယ်။
ဂျပန်အိမ်သာလုပ်ငန်းဟာ ခေတ်အလိုက် ပြောင်းလဲလာတဲ့ လူမှုရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားလေ့ရှိပြီး အရင်က သန့်ရှင်းရေးနဲ့ သက်တောင့်သက်သာရှိမှုကို ဦးစားပေးရာကနေ အခုအခါမှာတော့ ကျန်းမာရေးဘက်ကို ဦးလှည့်လာကြတာပါ။ ဒီလိုထုတ်ကုန်တွေဟာ စူးစမ်းလိုစိတ်ပြင်းပြမှုကနေ ထွက်ပေါ်လာတာဖြစ်ပြီး ဒီကဏ္ဍဟာ ရှေ့ဆက်ပြီး ပိုမိုကျယ်ပြန့်လာဖို့ ရှိနေတယ်လို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
Ref : Bangkokpost