Apple ဟာ နောက်ထုတ်မယ့် iPad mini တွေမှာ ဒီဇိုင်း အသစ်တွေ အသုံးပြုထားမယ်လို့ သတင်းများစွာ ပေါက်ကြားနေပါတယ်။ iPad mini 6 ကို iPhone 13 ကို ကြေညာမယ့် အချိန်လောက် ဖြစ်တဲ့ ဒီနှစ် နှောင်းပိုင်းမှာ မိတ်ဆက်မယ်လို့ ထင်ရပါတယ်။ အခုတော့ Michael Ma (@apple_idesigner) က iPad mini 6 ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး ဒီဇိုင်းနဲ့ အဓိက Specification တွေကို လေ့လာလို့ ရလာပါတယ်။

iPad mini 6 ရဲ့ ဒီဇိုင်းဟာ iPad Air 4th Generation ရဲ့ အရွယ်အစားသေး မော်ဒယ်နဲ့ တူညီပြီး ၈.၄ လက်မ Liquid Retina မျက်နှာပြင်တပ်ဆင်ထားမယ်လို့ သိရပါတယ်။ 60Hz Refresh Rate ထောက်ပံ့ထားနိုင်ပြီး မျက်နှာပြင်ဘေးဘောင်တွေက အရွယ်အစား တူညီပါတယ်။ တက်ဘလက်ရဲ့ အရွယ်အစား အပြည့်အစုံဟာ 206 × 138 × 6.1mm ဖြစ်ပြီး Space Gray, Silver, Rose Gold, Green နဲ့ Sky Blue အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။

Apple ရဲ့ 5nm A14 Bionic Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး Storage အနေနဲ့  64/128/256GB တွေ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Apple ရဲ့ တတိယမျိုးဆက် Pencil Stylus ထောက်ပံ့ထားမှာ ဖြစ်ပြီး WiFi Only နဲ့ 5G မော်ဒယ်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပါ။ ပါဝါခလုတ်အောက်မှာ Touch ID ကို မြှပ်နှံထားမှာ ဖြစ်ပါတယ်။

တက်ဘလက် ဈေးကွက်မှာ Apple iPad တွေဟာ လူကြိုက်အရမ်းများပြီး ဒီနှစ်နှောင်းပိုင်းထွက်မယ့် iPad mini 6 ဟာလည်း အရွယ်အစား သေးတဲ့ တက်ဘလက် လိုချင်သူတွေအတွက် ရွေးချယ်စရာ ဖြစ်လာမှာပါ။

Ref : gsmarena