Huawei ဟာ လာမယ့် ရက်အနည်းငယ်အတွင်းမှာ သူ့ရဲ့ Mate 40 စီးရီးကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် Mate 40 တွေနဲ့ပတ်သက်တဲ့ သတင်းပေါက်ကြားမှုတွေက ခပ်စိပ်စိပ်ဆိုသလို တွေ့လာရပါပြီ။ အခုလည်း Mate 40 Pro ရဲ့ Render နဲ့ အဓိက အချက်အလက်တွေအကြောင်း သတင်းပေါက်ကြားမှု ဖြစ်လာပြန်ပါပြီ။

Huawei Mate 40 Pro ရဲ့ စာနယ်ဇင်းအတွက် ထုတ်ထားတဲ့ Render ပုံရိပ်တွေဟာ အွန်လိုင်းပေါ်ကိုလည်း ရောက်ရှိလာတာ ဖြစ်ပါတယ်။ Mate 40 Pro ဟာ သူ့အရင် Device တွေထက် ပိုကြီးတာကိုလည်း တွေ့ရပါတယ်။ Mate 40 Pro ရဲ့ မျက်နှာပြင်ဟာ 6.76-inch ဖြစ်ပြီး Mate 30 Pro တုန်းကတော့ 6.53-inch ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

Winfuture ရဲ့ ဖော်ပြချက်အရ Curve display မျက်နှာပြင်ဟာ Resolution 2722 x 1344 နဲ့ 456 PPI OLED panel ဖြစ်တယ်လို့ သိရပါတယ်။ အပေါ်ဘယ်ဘက်ထောင့်မှာတော့ ဆေးတောင့်ပုံစံ Punch-hole နဲ့အတူ Selfie ကင်မရာ ရှိနေမှာပါ။ Mate 40 Pro ဟာ HiSilicon Kirin 9000 processor, 5nm octa-core chipset သုံးထားမှာ ဖြစ်ပါတယ်။ ဒီ Chipset မှာ Mali-G78 GPU နဲ့ 5G modem တို့လည်း ပါဝင်ပါတယ်။

ဥရောပဈေးကွက်အတွက် 8GB of RAM နဲ့ 256GB UFS 3.1 storage တွဲဖက်မှုပုံစံနဲ့ ရောက်ရှိမယ်လို့လည်း သိရပါတယ်။ တရုတ်နဲ့ အခြားဈေးကွက်တွေမှာတော့ 12GB of RAM အမျိုးအစားကိုလည်း ရရှိနိုင်မယ်လို့ ဆိုပါတယ်။ ကျောဘက်မှာ စက်ဝိုင်းပုံစံ ကင်မရာအိမ်ဖွဲ့စည်းမှုနဲ့အတူ ကင်မရာသုံးလုံးလည်း တပ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။

ကျောဘက်ကင်မရာတွေဟာ 50MP အဓိကကင်မရာ၊ 20MP ultrawide angle ကင်မရာနဲ့ 12MP telephoto zoom ကင်မရာ အသီးသီးဖြစ်ကြပါတယ်။ 5x optical zoome နဲ့ 8K video recording လည်း ထောက်ပံ့ပေးသေးတယ်လို့ သိရပါတယ်။ ဆေးတောင့်ပုံစံ Punch-hole ထဲမှာတော့ 13MP primary sensor နဲ့ 3D sensor တို့ ရှိနေပါတယ်။  Lica အမှတ်တံဆိပ်ကိုတော့ ကင်မရာတွေရဲ့အလယ်မှာ တွေ့မြင်ရပါတယ်။

ဘက်ထရီပမာဏကတော့ 4,400mAh ဖြစ်ပြီး 65W အမြန်အားသွင်းစနစ်ထောက်ပံ့ပေးထားပါတယ်။ ဒါကို USB 3.1 Gen port နဲ့ တွဲသုံးနိုင်ပါတယ်။ ဥရောပဈေးကွက်မှာ Black နဲ့ Silver တို့ပဲ ရှိမှာဖြစ်ပေမယ့် အခြားဈေးကွက်တွေမှာတော့ ပိုများတဲ့ အရောင်တွေကို ရရှိနိုင်မယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ အခုထိ မသိရသေးတာလည်း ဖြစ်ပါတယ်။

Ref: Gizmochina