Apple က စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ကုန် မိတ်ဆက်ပွဲ ၁ ခု ကျင်းပတော့မှာ ဖြစ်တဲ့အတွက် Apple Fans တွေ ရင်ခုန်ရမယ့်နေ့ နီးလာပါပြီ။ အဲဒီပွဲမှာ Apple Watch အသစ်တွေကို ချပြနိုင်ပြီး တန်ဖိုးနည်း မော်ဒယ်လည်း ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီ တန်ဖိုးနည်း မော်ဒယ်ကို Apple Watch SE လို့ နာမည်ပေးထားမယ်လို့ ပြောနေကြပြီး အခုတော့ Apple အကြောင်း လေ့လာဆန်းစစ်သူ Jon Prosser က Watch SE ရဲ့ အဓိက ကျတဲ့ သတင်းတချို့ကို ဖွလိုက်ပါတယ်။

သူက Apple Watch SE အတွက် ၄၀ နဲ့ ၄၄ မီလီမီတာ အရွယ်အစား ၂ မျိုး ထုတ်လုပ်ပေးထားမယ်လို့ တွစ်တာမှာ တင်ထားပါတယ်။ အရွယ်အစား ၂ မျိုးစလုံးအတွက် GPS နဲ့ Cellular Version ၂ မျိုး ရွေးချယ်နိုင်မှာပါ။ တွစ်တာက ပို့စ်မှာ အရွယ်အစားနဲ့ Version ၁ ခုစီအတွက် လျှို့ဝှက်နာမည်တွေကိုပါ ဖော်ပြထားပါသေးတယ်။

ဒီဇိုင်းကို ခန့်မှန်းကြည့်ရမယ်ဆိုရင် Apple Watch SE ဟာ Watch Series 4 တွေနဲ့ တူညီနိုင်ပါတယ်။ Apple က ဈေးချိုအောင် ဖန်တီးထားမယ့်အတွက် ECG နဲ့ Always-on Display တွေ မပါလာမှာ သေချာပါတယ်။ Jon Prosser က M9 Chip မောင်းနှင်ထားမယ်လို့ သတင်းပေးထားပါတယ်။

Apple M Series Chip တွေဟာ iPhone အဟောင်းတွေမှာ သုံးခဲ့တဲ့ Motion Coprocessor တွေဖြစ်ပြီး အခုတော့ Main Processor ထဲမှာ ထည့်သွင်းပေးထားပါတယ်။ M9 Chip ကို A9 Chip မှာ ပူးတွဲထားကာ iPhone 6s မှာ သုံးခဲ့ပြီး M9 Chip က အကွာအဝေး၊ အမြင့် ပြောင်းလဲတာတွေ အပါအဝင် ခြေလှမ်းတွေကို တွက်ချက်ပေးနိုင်ပါတယ်။ ဒါ့အပြင် “Hey Siri” ကို အမြဲတမ်း နားစွင့်နိုင်အောင် စွမ်းဆောင်ပေးပါတယ်။

Apple Watch SE ရဲ့ ဈေးကို မသိရသေးပေမယ့် ၁၉၉ ဒေါ်လာလောက် ရှိနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၂ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။

Ref : gizmochina