Lenovo Legion စမတ်ဖုန်းဟာ သတင်းထွက်နေတာ အတော်လေးကြာပြီဖြစ်ပြီး ယနေ့မှာ AnTuTu ပလက်ဖောင်းပေါ် ထပ်ရောက်လာခဲ့တာကြောင့် အချက်အလက်အချို့ကို သိခဲ့ရပါတယ်။

ဟန်းဆက်ရဲ့ မော်ဒယ်နံပါတ်ကတော့ L79031 ဖြစ်ပြီး Benchmark ရမှတ်အပြင် ဒီဖုန်းမှာ 2340 x 1080p Display ပါဝင်တာကို တွေ့ရပါတယ်။ ဒါ့အပြင် 16GB RAM နဲ့ 512GB Storage တို့ကိုလည်း မြင်ခဲ့ရပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ Lenovo Legion မှာ သတင်းထွက်ထားသလို Snapdragon 865 ရဲ့ Overclocked ဗားရှင်းအသစ်ကို သုံးထားပုံရတာပါပဲ။ စွမ်းဆောင်ရည်မြင့်ချစ်ပ်ဆက်ဟာ 3.09GHz Clock Speed ထိ ရှိပြီး ပုံမှန်ဆိုရင် 2.84GHz သာရှိပါတယ်။ Snapdragon 865+ လို့ ယူဆနိုင်ပေမယ့် Qualcomm က အခုထိ အတည်မပြုပေးသေးပါဘူး။

AnTuTu ရမှတ်ကတော့ စုစုပေါင်း 648,871 ထိ ရရှိထားပြီး CPU စွမ်းရည်မှာ Snapdragon 865 နဲ့အတူတူဖြစ်ပေမယ့် GPU မှာ 13% တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါဟာ Gaming Phone တစ်လုံးအတွက် အားရစရာဖြစ်ပြီး UX Score လည်း မြင့်တာကြောင့် 144Hz Refresh Rate ပါဝင်လာမယ်လို့ ယူဆရပါတယ်။

အားရလောက်စရာ ရမှတ်တွေအပြင် AnTuTu က ဒီစမတ်ဖုန်းအသစ်ဟာ LPDDR5 RAM အသစ်နဲ့ UFS 3.1 Storage တို့ကို အသုံးပြုထားတယ်လို့ ယုံကြည်ကြောင်း ဖော်ပြထားပါတယ်။ Legion ဖုန်းဟာ နောက်ဘက်အလည်တည့်တည့်မှာ Dual-camera ထည့်ထားပြီး ဓါတ်ပုံရိုက်ဖို့ကိုတောင် ဂိမ်းကစားနေသလို ဘေးတိုက်ကိုင်ပြီး ရိုက်ရမယ့် သဘောမှာ ရှိပါတယ်။ Pop-up ဆဲလ်ဖီးကင်မရာကလည်း သူများတွေလို အပေါ်မှာမဟုတ်ဘဲ ဘေးတိုက်ပါပဲ။

Ref – GSMArena