Lenovo အမှတ်တံဆိပ်ဟာ မိုဘိုင်းပလက်ဖောင်းမှာ သိပ်အင်အားမကြီးသေးပေမယ့် ခရီးဆောင်ကွန်ပြူတာ အစရှိတဲ့ နည်းပညာနယ်ပယ်တွေမှာတော့ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုပါ။ မိုဘိုင်းဈေးကွက်ကိုလည်း အခြေချနိုင်ဖို့ ကြိုးစားနေတဲ့ Lenovo ဟာ အခုတစ်ခါမှာတော့ ပြောစမှတ်ဖြစ်လောက်တဲ့ Gaming စမတ်ဖုန်းတစ်လုံးနဲ့ ထိုးဖောက်လာဖို့ အသင့်ပြင်နေတာဖြစ်ပါတယ်။

Lenovo ကနေ ရွေးချယ်ထားတဲ့အမည်ကတော့ Lenovo Legion ရယ်လို့ဖြစ်ပြီး သူ့အမှတ်တံဆိပ်အောက်ကနေ ထွက်လာမယ့် ပထမဆုံး Gaming ဦးစားပေး စမတ်ဖုန်းဆိုလည်း မမှားပါဘူး။ အရင်အပတ်က Qualcomm မှ အခုထိဈေးကွက်ထဲ မရောက်သေးတဲ့ Snapdragon 865 ချစ်ပ်ဆက်သုံး စမတ်ဖုန်းစာရင်းအား ဖွင့်ချခဲ့စဉ်မှာ ဒီဟန်းဆက်ရဲ့ တည်ရှိမှုကို အားလုံးသိရှိအတည်ပြုခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ နောက်ဆုံးပေါ် Flagship ချစ်ပ်ဆက်ကို အသုံးပြုထားတဲ့ Lenovo Legion ဖုန်းဟာ AnTuTu ပေါ်ကို ရောက်ရှိအစမ်းသပ်ခံခဲ့ပြီး သူ့ရှေ့က ပေါ်ထွက်ထားတဲ့ iQOO ဖုန်းသစ်နဲ့ Black Shark 3 ဖုန်းသစ်တွေလိုပဲ AnTuTu ရဲ့လက်ရှိအမြင့်ဆုံးစံနှုန်းဖြစ်တဲ့ ရမှတ် 600,000 ကျော် ရရှိထားတာကို မြင်တွေ့ခဲ့ရပြန်ပါတယ်။

ယနေ့မှာ Lenovo China Mobile ဌာနခွဲရဲ့ အထွေထွေမန်နေဂျာ Chen Jin က သူ့ရဲ့ Weibo အကောင့်ကနေပြီး Legion Gaming ဖုန်းမှာ “လုံးဝဆန်းသစ်နေတဲ့” Cooling နည်းပညာပါဝင်လာမယ်လို့ Tease လုပ်လိုက်ပါတယ်။ ဘာဆိုတာ တိတိကျကျမပြောခဲ့ပေမယ့် Chen Jin ကတော့ အခုမြင်နေရတဲ့ Gaming ဖုန်းအားလုံးထက် များစွာသာလွန်တဲ့ နည်းပညာကို မြင်ရမယ်လို့ ကြွေးကြော်လိုက်ပါတယ်။

Gaming PC တွေလိုပဲ Gaming ဖုန်းတွေမှာလည်း အအေးပေးစနစ်နဲ့ အားသွင်းစနစ်တို့က အလွန်အရေးပါပါတယ်။ သူ့ရဲ့ ကွန်ပြူတာနယ်ပယ်က အောင်မြင်မှုတွေကို Legion ဖုန်းနဲ့ စမတ်ဖုန်းဈေးကွက်ထဲ သယ်ဆောင်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref – GSM Arena