လက်ရှိအချိန်မှာ ယူကရိန်းနိုင်ငံကို ရှရှားက ဝင်ရောက်တိုက်ခိုက်မှုတွေဟာ ဆက်လက်ပြီး အပြင်းအထန်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒါကြောင့်လည်း တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေနဲ့ ကုမ္ပဏီကြီးတွေက ရုရှားနိုင်ငံကို ပိတ်ဆို့မှုတွေ အပြင်းအထန်ပြုလုပ်နေကြတာဖြစ်ပါတယ်။

အခုလည်း နာမည်ကြီး တောင်ကိုရီးယားနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ LG ကနေ ရုရှားနိုင်ငံကို ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချနေမှုကို လုံးဝရပ်ဆိုင်းလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ LG ကုမ္ပဏီကတော့ ခတ္တရပ်ဆိုင်းလိုက်တယ်ဆိုပြီး သုံးနှုန်းခဲ့ပေမယ့် ဘယ်အချိန်မှာ ပြန်လည် ဖွင့်လှစ်ပေးသွားမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့် LG ရဲ့ ပြောကြားချက်အရ လက်ရှိအခြေအနေကို အနီးကပ်လေ့လာစောင့်ကြည့်နေသလို လူသားအားလုံးရဲ့ အသက်ဘေးအန္တရာယ်အတွက်လည်း စိုးရိမ်ပူပန်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ LG အပြင် Samsung ၊​ Apple နဲ့ Microsoft အပါအဝင် နည်းပညာကုမ္ပဏီအများအပြားကလည်း ရုရှားနိုင်ငံမှာ ကုန်ပစ္စည်းတွေရောင်းချနေမှုကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။ တခြားသော Payment ပိုင်းနဲ့ သက်ဆိုင်တဲ့ကုမ္ပဏီတွေဖြစ်တဲ့ VISA ၊ Mastercard နဲ့ PayPal တို့ကလည်း လုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

LG ဟာ ရုရှားနိုင်ငံအတွင်းမှာ စမတ်ဖုန်းစျေးကွက်မှာတော့ နေရာရရှိမှုနည်းပါးပေမယ့် တခြားသော TV ၊ ရေခဲသတ္တာ ၊ လေအေးပေးစက်အစရှိတဲ့ လျှပ်စစ်ပစ္စည်းပိုင်းမှာတော့ နေရာတစ်ခုရရှိထားတာဖြစ်ပါတယ်။ ဒါကြောင့် အခုလိုရပ်ဆိုင်းလိုက်တာက ရုရှားနိုင်ငံကို အနည်းနဲ့အများ ထိခိုက်သွားစေမှာပါ။

Ref – Engadget