လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစတင်ခဲ့တဲ့ Foldable စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာမယ့် အရိပ်အယောင်ကို ပြသနေပြီဖြစ်ပါတယ်။ အထူးသဖြင့် ဒီနှစ်ထဲမှာ အမှတ်တံဆိပ်အမြောက်အများက Foldable စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ ပြင်ဆင်နေတာကြောင့် ဖြစ်ပါတယ်။

Foldable စမတ်ဖုန်းမှာ Flexible display ဟာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ တောင်ကိုရီးယားရဲ့ Display ပြုလုပ်သူတွေထဲမှာ LG ကလည်း Flexible display တွေကို အောင်မြင်စွာနဲ့ ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ LG ဟာ Flexible display နဲ့အတူ Rollable စမတ်ဖုန်းကို ကြေညာဖို့ အတော်လေးကို နီးစပ်အနေအထားဆီ ရောက်နေပြီလည်း ဖြစ်ပါတယ်။

လက်ရှိကျင်းပနေတဲ့ CES 2021 မှာ LG ဟာ သူတို့ရဲ့ Rollable စမတ်ဖုန်းကို တိုးတိုးတိတ်တိတ် Tease လုပ်သွားပါသေးတယ်။ Teaser ဟာ LG ရဲ့ SVP နဲ့ Head of Global Marketing Jin-Hong Kim က Project အကြောင်းကို ရှင်းလင်းပြောဆိုနေတဲ့ပုံ ဖြစ်ပါတယ်။ ဒါကြောင့် ပေါက်ကြားသတင်းတွေနဲ့ တဝဲလည်လည်ဖြစ်နေတဲ့ LG Rollable ကို မကြာခင်လက်တွေ့အကောင်အထည်မြင်တွေ့လာရမယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် LG အနေနဲ့ သူတို့ရဲ့ LG Rollable အကြောင်း Tease လုပ်တာကလွဲပြီး အခြားအချက်အလက်တွေကို ထုတ်ဖော်ပြောဆိုသွားခြင်း မရှိတာကိုလည်း တွေ့ရပါတယ်။ LG အနေနဲ့ CES မှာ Mid-range နဲ့ Entry-level မော်ဒယ်တွေကိုပဲ ကြေညာလေ့ရှိပြီး Flagship တွေကို ကြေညာလေ့မရှိတာကြောင့် LG Rollable ကို Tease လုပ်ရုံပဲ လုပ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာကျင်းပမယ့် MWC မှာတော့ LG Rollable နဲ့ပတ်သက်တဲ့သတင်းအပြည့်အစုံကို တရားဝင်ကြားသိရမယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena