မြေပြင် ကနေ ဝေဟင်၊ ဝေဟင် ကနေ မြေပြင်ကို ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ (eVTOL) ခေါ် ကားပျံတွေဟာ သယ်ယူပို့ဆောင်ရေး စနစ်ကို တော်လှန်ဆန်းသစ်စေမှာ ဖြစ်ပြီး ခရီးသွားလုပ်ငန်းကိုလည်း တိုးတက်စေမှာပါ။ အဲဒီ ကားပျံတွေကို ရောင်းချဖို့အတွက် ကုမ္ပဏီများစွာက ကြိုးစားနေကြပါတယ်။
အခုတော့ ဂျာမနီ လေယာဉ် နည်းပညာ ကုမ္ပဏီ Lilium က လေယာဉ် ပွဲစား ကုမ္ပဏီ EMCJET နဲ့ ပူးပေါင်းကာ အမေရိကန်မှာ ကားပျံကို ပထမဆုံး ရောင်းချပေးလိုက်ပါတယ်။ EMCJET ဟာ ၂၀၃၀ ခုနှစ်အထိ Lilium ရဲ့ ကားပျံတွေကို ရောင်းချခွင့်ရထားပါတယ်။
Lilium ဟာ အမေရိကန်ရဲ့ လေယာဉ် ဈေးကွက်ကို စတင် ဝင်ရောက်လာတာ ဖြစ်ပြီး နောက်ပိုင်းမှာ လေကြောင်းလိုင်းတွေနဲ့ ခရီးသည်တင် လေယာဉ် ဈေးကွက်ကို တိုးချဲ့ ရောင်းချမှာ ဖြစ်ပါတယ်။
Lilium Jet အမည်ရ ကားပျံကို အမေရိကန် တစ်နိုင်ငံလုံးမှာ ရောင်းချဖို့ စီစဉ်ထားပြီး အစောပိုင်းမှာ Austin, Houston, San Antonio နဲ့ Dallas အပါအဝင် Texas ရဲ့ အဓိက မြို့တွေမှာ ရောင်းချမှာပါ။ Texas ဟာ ဒေသခံတွေနဲ့ ခရီးသွားတွေအတွက် ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို အသုံးပြုဖို့ ရည်မှန်းထားပါတယ်။
Lilium Jet ဟာ လျှပ်စစ် စွမ်းအင်ကို အသုံးပြုထားပြီး အသံဆူညံမှု နည်းပါးပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုက် မထုတ်လွှင့်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေပါဘူး။
Ref : inceptivemind