ကမ္ဘာ့ဆော့ကစားသူအများဆုံး MOBA ဂိမ်းတစ်ခုဖြစ်တဲ့ League Of Legends ကို မိုဘိုင်းပလက်ဖောင်းပေါ်သို့ Wild Rift ဂိမ်းအဖြစ် ယူဆောင်လာမယ့် အစီအစဉ်ကို Riot Games မှ မိတ်ဆက်ခဲ့ပြီး လအနည်းငယ်အကြာမှာတော့ Wild Rift ဂိမ်းရဲ့ မိုဘိုင်း Gameplay အပါအဝင် အချက်အလက်တွေကို ဂိမ်းထုတ်လုပ်သူတွေက ဖော်ပြလာခဲ့ပါတယ်။

သူတို့ဖော်ပြလာတဲ့ Dev Diary Edition ထဲမှာ ဆော့ကစားနိုင်တဲ့ ချန်ပီယံ (Hero) ပေါင်း ၃၆ ယောက်နဲ့အတူ မိုဘိုင်း Control စနစ်နဲ့ လိုက်ဖက်အောင် ပြောင်းလဲထားတဲ့ အရာအချို့ကိုပါ ပြသခဲ့ပါတယ်။ မူရင်း PC ဗားရှင်းထက် ပိုပြီး ပွဲချိန်တိုတောင်းအောင် ပြင်ဆင်မှုတွေလည်း ပြုလုပ်ထားတာကို တွေ့ရမှာပါ။

Wild Rift ဟာ အခြားမိုဘိုင်း MOBA ဂိမ်းတွေလိုပဲ Free-to-play ဖြစ်ပေမယ့် ချန်ပီယံတွေနဲ့ သူတို့ရဲ့ အလှပြ Skin စတာတွေကိုတော့ In-game Purchase နဲ့ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။ Jungle ထဲမှာ ပြောင်းလဲမှုအချို့ကို မြင်တွေ့နိုင်သလို Nexus ကလည်း Turret လိုမျိုး Range ထဲဝင်လာတဲ့ ရန်သူတွေကို တိုက်ခိုက်မှာဖြစ်ပါတယ်။

Wild Rift အတွက် Alpha Test ကိုတော့ ဘရာဇီးနဲ့ ဖိလစ်ပိုင်နိုင်ငံများမှာ ဇွန်လ ၆ ရက်နေ့ကနေ ၂၇ ရက်ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Google Play ပေါ်မှာ Pre-register ပြုလုပ်ထားတဲ့ထဲက ကစားသမားအချို့ကိုသာ ရွေးချယ်ပြီး ဦးဆုံးဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Regional Alpha ကာလမှာ Android ဖုန်းတွေမှာသာ ဆော့ကစားနိုင်ဦးမှာဖြစ်ပြီး ကစားမယ့် ဟန်းဆက်က အနိမ့်ဆုံး Octa-core CPU 1.5GHz နဲ့အထက်ရှိရမှာဖြစ်ကာ 3GB RAM, 1280 x 720p Resolution တို့ ရှိဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် တကယ်ထွက်လာမယ့်အချိန်ကျရင်တော့ အနိမ့်ဆုံး Quad-core CPU 1.5GHz, 1.5 GB RAM မှာဆော့ကစားနိုင်မယ်လို့ ဆိုပါတယ်။ iPhone ဆိုရင်တော့ iPhone 6 နဲ့အထက်မှာ ကစားနိုင်မှာပါ။

Ref – AFKGaming