လူအများစုက ပစ္စည်းအသစ်စက်စက်တစ်လုံးကို မပျက်ဆီးအောင် ကာကွယ်ကြပေမယ့် တရုတ်နိုင်ငံက အမျိုးသားတစ်ယောက်ကတော့ လုံးဝဆန့်ကျင်ဘက်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဘေးကကြည့်နေသူတွေ အံ့အားသင့်သွားအောင် သူက သူ့ရဲ့ iPhone 17 အသစ်စက်စက်ကို ခံနိုင်ရည်ရှိ၊ မရှိ စမ်းသပ်ဖို့ မြေကြီးပေါ်ကို တမင်တကာ ပစ်ချခဲ့ပြီး ဖုန်းမျက်နှာပြင်က ကွဲအက်သွားခဲ့ပါတယ်။
Xiaohongshu မှာ ပျံ့နှံ့နေတဲ့ စက္ကန့် ၃၀ ကြာ ဗီဒီယိုတစ်ခုမှာ အဲဒီအမျိုးသားက ဖုန်းကို ကိုင်မြှောက်ထားပြီး ဘေးကလူအုပ်ကို “ဖုန်းမျက်နှာပြင်ကွဲသွားရင်တောင် ဈေးကြီးပေးပြီး ဝယ်ဦးမှာလား” လို့ မေးခဲ့ပါတယ်။ အဲဒီလိုမေးပြီးနောက်မှာတော့ သူက iPhone ကို လက်ထဲကနေ လွှတ်ချလိုက်ပါတယ်။
ဖုန်းက မြေကြီးပေါ်ကို ‘ဒုန်း’ ခနဲ ကျသွားချိန်မှာ အံ့အားသင့်တဲ့ အာမေဋိတ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အမျိုးသားက ဖုန်းကို ပြန်ကောက်လိုက်တဲ့အခါမှာတော့ လူအုပ်က ဘာဖြစ်သွားလဲဆိုတာကို ကြည့်ဖို့ ဝိုင်းအုံလာခဲ့ကြပါတယ်။
ဖုန်းမျက်နှာပြင်ရဲ့ အောက်ခြေထောင့်မှာ နည်းနည်း ကွဲအက်သွားခဲ့ပါတယ်။ “ကွဲသွားပြီပဲ! ဒီလောက်တောင် ပျော့ညံ့ရသလား” လို့ သူက မယုံနိုင်တဲ့လေသံနဲ့ ပြောခဲ့ပါတယ်။
iPhone 17 မှာ အရင်မော်ဒယ်တွေထက် အခြစ်ရာခံနိုင်မှု သုံးဆ ပိုကောင်းတဲ့ “Durable Ceramic Shield 2” မျက်နှာပြင်ကို သုံးထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အမြင့်ကနေ တမင်တကာ ပစ်ချတာကို ခံနိုင်ရည်ရှိတယ်လို့တော့ Apple က အာမမခံထားပါဘူး။
အဲဒီဗီဒီယိုဖိုင်ကြောင့် အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ချက်ချင်းထွက်ပေါ်လာခဲ့ပါတယ်။ Netizen အများအပြားက သူ့ရဲ့လုပ်ရပ်ဟာ ဖြုန်းတီးရာကျတယ်လို့ ပြောခဲ့ကြပြီး တစ်ယောက်က “ဖုန်းတစ်လုံးကို အရမ်းနှမြောဖို့ကောင်းတယ်” လို့ ရေးခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ဒါဟာ ခံနိုင်ရည်ရှိမှုရဲ့ ပြဿနာမဟုတ်ဘဲ ဘယ်ဖုန်းမဆို အဲဒီလို ပစ်ချရင် ကွဲသွားမှာပဲဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
Ref : mustsharenews