အင်တာနက်ဟာ လွန်ခဲ့တဲ့ ရာစုနှစ်အတွင်း အကြီးမားဆုံး ပြောင်းလဲမှုတွေကို ဖြစ်စေခဲ့တဲ့ တီထွင်မှုတစ်ခုဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ စတင်အဆိုပြုခဲ့ရာကနေ ၁၉၉၃ ခုနှစ်မှာ CERN က တရားဝင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာ စာရွက်စာတမ်းတွေကို လင့်ခ်တွေနဲ့ ချိတ်ဆက်ထားရာကနေ ရှာဖွေရေးအင်ဂျင်တွေ၊ ဆိုရှယ်မီဒီယာတွေနဲ့ အခုအခါ AI ကြောင့် နောက်ထပ် ပြောင်းလဲမှုတွေ ဖြစ်လာနိုင်တဲ့ နေရာတစ်ခုအဖြစ် အလျင်အမြန် တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။

World Wide Web ကို စတင်မိတ်ဆက်ခဲ့သူ Tim Berners-Lee က ဒီတီထွင်မှုကို ဘာကြောင့် အခမဲ့ပေးခဲ့သလဲဆိုတာကို Guardian သတင်းစာမှာ ရှင်းပြခဲ့ပါတယ်။ လူတိုင်း လွတ်လပ်စွာ သုံးစွဲခွင့်မရှိရင် ဒီအိုင်ဒီယာက အောင်မြင်လာမှာ မဟုတ်တဲ့အတွက် မဖြစ်မနေ လိုအပ်ချက်အရ အခမဲ့ပေးခဲ့တာလို့ ဆိုပါတယ်။ ရှာဖွေမှုတွေနဲ့ တင်ပို့မှုတွေအတွက် အခကြေးငွေ ပေးနေရမယ်ဆိုရင် အင်တာနက်ပေါ်မှာ အရာရာရှိလာဖို့ မဖြစ်နိုင်တဲ့အတွက် အောင်မြင်ဖို့ဆိုရင် အခမဲ့ဖြစ်ဖို့ လိုအပ်တယ်လို့ သူက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုဆုံးဖြတ်ပြီးနောက်မှာ Berners-Lee ဟာ ပထမဆုံး World Wide Web ဆာဗာကို လက်ခံထားရှိတဲ့ ဥရောပ နူကလီးယား သုတေသနအဖွဲ့ (CERN) ကို သူ့ရဲ့ ဖန်တီးမှု မူပိုင်ခွင့်ကို အများပြည်သူပိုင် (Public Domain) အဖြစ် လှူဒါန်းဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့အချိန်ထိ အင်တာနက်ကို အခမဲ့ အသုံးပြုခွင့် ရရှိနေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ အင်တာနက်ဟာ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အခမဲ့ဖြစ်နေဆဲဆိုပေမယ့် သုံးစွဲသူတွေဟာ ဖောက်သည်မဟုတ်တော့ဘဲ ကုန်ပစ္စည်းတွေ ဖြစ်လာတယ်လို့ Berners-Lee က ထောက်ပြပါတယ်။ ကိုယ်ရေးအချက်အလက်တွေကို ရောင်းချပြီး ကြော်ငြာတွေ၊ သတင်းမှားတွေနဲ့ ပစ်မှတ်ထားခံရတာမျိုးတွေ ရှိလာတဲ့အတွက် ငွေကြေးအရ အခမဲ့ဆိုပေမယ့် တန်ဖိုးရှိတဲ့ အချက်အလက်တွေနဲ့ ပြန်ပေးဆပ်နေရတယ်လို့ ဆိုပါတယ်။
Ref : uniladtech