Xiaomi ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Redmi Note 9 ရဲ့ Global Version ဖြစ်တဲ့ Redmi Note 9S ကို စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဆိုပါ Redmi Note 9S ဖုန်းဟာ Global Redmi Note 9 ဖုန်း ၃ လုံးထဲက တစ်မျိုးဖြစ်ပြိး အခုအချိန်မှာ Wi-Fi နဲ့သက်ဆိုင်တဲ့ ပြဿနာတက်နေတယ်လို့ သိရပါတယ်။

ယခုပြဿနာဟာ Xiaomi ရဲ့ ကိုယ်ပိုင် Community Forum တွေအပြင် XDA Forum တွေမှာ အသုံးပြုသူတွေအများအပြားက ကြုံတွေ့နေရတာဖြစ်ပါတယ်။ အဓိကဖြစ်ပွားနေတဲ့ ပြဿနာကတော့ Wi-Fi ချိတ်ထားပြီး Screen ကို Lock ပြုလုပ်ထားတဲ့အချိန် ၁၀ မိနစ်ကနေ ၁၅ မိနစ်အကြာမှာ Wi-Fi Network ကနေ အဆက်ပြတ်သွားတာဖြစ်ပါတယ်။ ဖုန်းကို ပြန်လည် Unlock ပြုလုပ်တဲ့အချိန်မှာ Wi-Fi Connected ဆိုပြီး ပြနေပေမယ့်လည်း Internet Connection မရှိတော့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပြဿနာဟာ အများဆုံး Europe ဝန်းကျင်မှာရှိတဲ့ Redmi Note 9S အသုံးပြုသူတွေဆီမှာ ဖြစ်ပွားနေတာကိုတွေ့ရပြီးတော့ Redmi Note 9S ဖုန်းနဲ့ Specs တူညီတဲ့ India Version Redmi Note 9 Pro ဖုန်းမှာတော့ အဆိုပါ ပြဿနာကို ကြုံတွေ့ရခြင်းမရှိသေးပါဘူး။ တချို့သောအသုံးပြုသူတွေကတော့ အခုလိုမျိုး စတင်ဖြစ်ပွားတာက ပြီးခဲ့တဲ့မေလအတွင်းမှာ MIUI 11.0.8.0 Update အပြီးမှာ ပြန်လည်အဆင်ပြေသွားတယ်လို့ ဆိုထားပြီးတော့ တခြားသော အသုံးပြုသူတွေမှာတော့ Update ပြုလုပ်ပြီးမှာလည်း ပြဿနာတက်နေတုန်းပဲဖြစ်ပါတယ်။

Xiaomi ဘက်ကတော့ လောလောဆယ်မှာ ယခု ပြဿနာအတွက် Wi-Fi Router ကို Reset ပြုလုပ်ကြည့်ဖို့ပဲ အကြံပေးထားပြီးတော့ အဲ့ဒီလိုမျိုး Reset ပြုလုပ်တာက ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Redmi Note 9S အသုံးပြုသူတွေအနေနဲ့ ယခုပြဿနာကို ကြုံတွေ့နေရတယ်ဆိုရင် MIUI 11.0.8.0 Update ကို ရယူကြည့်သင့်ပြီးတော့ တကယ်လို့ အဆင်မပြေသေးဘူးဆိုရင်တော့ Xiaomi ဘက်ကနေ နောက်ပိုင်း Update နဲ့ ဖြေရှင်းသွားမလားဆိုတာကိုပဲ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Android Authority