Meizu ဟာ မကြာခင်ကပဲ သက်တမ်း ၁၇ နှစ်ပြည့်ခဲ့ပြီး ဧပြီလမှာ ကုမ္ပဏီဟာ နောက်မျိုးဆက် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ Meizu 17 ဖြစ်ပြီး Punch Hole ကင်မရာ ပါတဲ့ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ အရင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုလည်း အဲဒီ စမတ်ဖုန်းရဲ့ အနောက်ဘက်ကို ပြသထားတဲ့ ဓါတ်ပုံ ထွက်ပေါ်လာပါတယ်။
ဓါတ်ပုံမှာ အနောက်ကင်မရာ ၄ လုံးကို အလျားလိုက် တပ်ဆင်ထားတာ မြင်ရပြီး ညာဘက်ထောင့်စွန်းက ကင်မရာကို LED Ring Flash ပတ်ထားပါတယ်။ ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ကင်မရာတွေ အပြင် ဘယ်နဲ့ ညာဘက်ထောင့်တွေက ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်ပြီး အနောက်ဘက် အောက်ခြေနားမှာ Meizu နာမည်ကို ရေးထွင်းထားပါတယ်။
Meizu 17 မှာ 90Hz OLED မျက်နှာပြင်၊ 5G ဆက်သွယ်မှုနဲ့ Snapdragon 865 Chipset တွေ ထည့်သွင်းထားနိုင်ပါတယ်။ 65W GaN Charger ပါလာနိုင်ပြီး အားသွင်းနှုန်းက အရမ်းကို မြန်မှာ သေချာပါတယ်။ Meizu ဟာ OPPO , Xiaomi နဲ့ nubia တို့ ပြီးနောက် 65W GaN Charger ကို မိတ်ဆက်တဲ့ စတုတ္ထမြောက် ကုမ္ပဏီ ဖြစ်လာမှာပါ။ 5G စမတ်ဖုန်း ဖြစ်ပြီး ၂၀၂၀ ခုနှစ်ထုတ် စွမ်းရည်မြင့် စမတ်ဖုန်း ဈေးကွက်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Ref : gsmarena