Mercedes ဟာ ပြီးခဲ့တဲ့နှစ်က ဥရောပမှာ Drive Pilot Software ကို ဖြန့်ချိခဲ့ပြီး ဂျာမနီက အဝေးပြေးလမ်း ၁၃,၀၀၀ ကီလိုမီတာမှာ Drive Pilot သုံးခွင့်ပေးခဲ့ပါတယ်။ ဒီနှစ် အစောပိုင်းမှာ အမေရိကန်က နီဗားဒါးမှာ Drive Pilot ကို အဝေးပြေးလမ်းတွေမှာ သုံးခွင့်ပေးခဲ့ပါတယ်။ အခုတော့ ကယ်လီဖိုးနီးယားကလည်း ခွင့်ပြုလိုက်ပါပြီ။
Mercedes ရဲ့ Drive Pilot ဟာ မောင်းသူမဲ့ နည်းပညာ ဖြစ်ပြီး Level 3 စနစ် ဖြစ်ပါတယ်။ GM ရဲ့ Super Cruise နဲ့ Ford ရဲ့ BlueCruise တို့မှာ ယာဉ်မောင်းဟာ စတီယာရင်ကို ကိုင်ထားစရာ မလိုပေမယ့် ယာဉ်မောင်းဟာ ကားလမ်းကို အချိန်ပြည့် အာရုံစိုက်နေဖို့လိုအပ်ပါတယ်။ အဲဒီစနစ်တွေမှာ ယာဉ်မောင်းကို ကားက စောင့်ကြည့်နေပြီး ယာဉ်မောင်း မျက်လုံးတွေဟာ လမ်းမပေါ်မှာ မရှိတာနဲ့ ကားက သတိပေးမှာပါ။
Mercedes ရဲ့ Drive Pilot ကတော့ အဲဒါတွေထက် ပိုအဆင့်မြင့်ပြီး ယာဉ်မောင်းဟာ စတီယာရင်ကို ကိုင်ထားစရာ မလိုသလို တခြား အလုပ်တွေကို လုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ယာဉ်မောင်းတွေဟာ အနောက်ခန်းက လူတွေကို မျက်နှာမူပြီး စကားပြောနိုင်ပြီး ကားရဲ့ Infotainment မှာ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းကစားတာတွေ ပြုလုပ်နိုင်ပါတယ်။
စာအုပ်နဲ့ သတင်းဖတ်တာတွေကိုလည်း လုပ်နိုင်ပါတယ်။ ကားရဲ့ ကင်မရာတွေကတော့ ယာဉ်မောင်းကို လိုအပ်ရင် သတိပေးဖို့ အမြဲစောင့်ကြည့်နေမှာပါ။ လုပ်လို့ မရတာကတော့ အိပ်တာနဲ့ ကား ကင်မရာတွေကနေ ယာဉ်မောင်းမျက်နှာကို ဖွက်တာတွေပါ။ အဲဒီလိုလုပ်ရင်တော့ ကားက သတိပေးမှာ ဖြစ်ပြီး ယာဉ်မောင်းကို ကားကို ကိုယ်တိုင်မောင်းဖို့ ပြောမှာပါ။
Drive Pilot ကို Mercedes EQS အတွက် ၇,၄၃၀ ယူရိုနဲ့ နောက်ဆုံးထုတ် Mercedes S-Class အတွက် ၅,၀၀၀ ယူရိုနဲ့ ရောင်းချပေးထားပါတယ်။
Ref : arenaev