Meta ရဲ့ CEO မတ်ခ်ဇူကာဘတ်ဟာ ကုမ္ပဏီရဲ့ AI ကဏ္ဍကို ဦးဆောင်ဖို့ မျှော်လင့်ချက်ကြီးကြီးထားပြီး ခေါ်ယူခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အလက်ဇန္ဒားဝမ် (Alexandr Wang) ရဲ့ လုပ်ပိုင်ခွင့်တွေကို တိတ်တဆိတ် လျှော့ချနေပါတယ်။ ဝမ်ဟာ ဒေါ်လာသန်းရာချီတဲ့ လစာနဲ့ Meta Superintelligence Labs ကို အပြည့်အဝ ထိန်းချုပ်ခွင့်ရထားသူ ဖြစ်ပါတယ်။

ဒါပေမဲ့ ၉ လအကြာမှာတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတယ်။ အခုဆိုရင် ဇူကာဘတ်ဟာ AI အင်ဂျင်နီယာပိုင်းဆိုင်ရာ အဖွဲ့အစည်းသစ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး Reality Labs က ဝါရင့်အမှုဆောင် Maher Saba ကို ဦးဆောင်စေကာ CTO Andrew Bosworth ဆီကို တိုက်ရိုက် အစီရင်ခံခိုင်းထားပါတယ်။ ဒီဖွဲ့စည်းပုံသစ်ကြောင့် ဝမ်ရဲ့ လုပ်ပိုင်ခွင့်တွေ ကျော်ဖြတ်ခံလိုက်ရပြီး သူ့အဖွဲ့ထက် ပိုမြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်မယ့် အပြိုင်အဖွဲ့တစ်ခု ပေါ်လာတာ ဖြစ်ပါတယ်။

ပြဿနာရဲ့ အစကတော့ ဝမ်ဟာ OpenAI နဲ့ Google ကို အမီလိုက်ဖို့လောက်သာ အာရုံစိုက်ချင်ပြီး၊ ကုမ္ပဏီရဲ့ ဝါရင့်အမှုဆောင်တွေဖြစ်တဲ့ Chris Cox နဲ့ Bosworth တို့ကတော့ Instagram နဲ့ Facebook အချက်အလက်တွေကို သုံးပြီး လူတွေတကယ်သုံးမယ့် ထုတ်ကုန်တွေ ဖန်တီးချင်ကြလို့ သဘောထား ကွဲလွဲခဲ့ကြတာပါ။ အဲဒီအပြင် Meta ရဲ့ AI သိပ္ပံပညာရှင်ချုပ် Yann LeCun ဟာလည်း ဝမ်ရဲ့လက်အောက်မှာ အလုပ်မလုပ်ချင်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက အလုပ်ထွက်သွားခဲ့ပါတယ်။
အခုချိန်မှာတော့ လစာအများဆုံးရနေတဲ့ ဝမ်ဟာ ဩဇာလွှမ်းမိုးနိုင်မှု မရှိတော့ဘဲ အထီးကျန်နေပါတယ်။ ရှေ့ဆက်ထွက်လာမယ့် Avocado နဲ့ Mango လို AI မော်ဒယ်တွေအတွက် အချက်အလက် အခြေခံအဆောက်အအုံတွေကိုလည်း အဖွဲ့သစ်ကပဲ ကိုင်တွယ်သွားမှာပါ။ ဒါဟာ ဇူကာဘတ်အနေနဲ့ AI ရည်မှန်းချက်တွေ ကြီးမားလာတာနဲ့အမျှ အန္တရာယ်ကို ခွဲဝေယူတဲ့အနေနဲ့ ခေါင်းဆောင်တွေဆီကို တာဝန်တွေ ခွဲဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။
Ref : Times of India