လက်ရှိအချိန်မှာ Apple Mac ကွန်ပျူတာတွေအကုန်လုံးကို ကိုယ်ပိုင် Apple Chip နဲ့ ပြောင်းလဲထုတ်လုပ်နေပြီဖြစ်ပါတယ်။​ MacBook Pro ၊ MacBook Air ၊ iMac နဲ့ Mac Mini တွေကို Apple M1 Chip နဲ့မိတ်ဆက်ထားပြီးဖြစ်ပါတယ်။

ဒီိလိုမျိုး Apple ဟာ ကိုယ်ပိုင် Chip ကိုပဲ ပြောင်းလဲအသုံးပြုလိုက်တာကြောင့် စွမ်းဆောင်ရည်ပိုင်းအပြင် Battery Life ပိုင်းမှာပါ ယခင်ထက် အများကြီးပိုမိုကောင်းမွန်နေတာဖြစ်ပါတယ်။​အဲ့ဒီအတွက် Microsoft ကလည်း Surface Product တွေမှာ ကိုယ်ပိုင် Chipset ကို ထုတ်လုပ်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။​

ဘာကြောင့်လဲဆိုရင် Microsoft ကနေ နောက်ပိုင်းထုတ်လုပ်ဖို့ရှိနေတဲ့ Device တွေ အတွက် Silicon ၊​ Hardware ၊​ Software Engineer တွေအပြင် Designer နဲ့ Manufacturing ပိုင်းအတွက် ဝန်ထမ်းတွေ ခေါ်နေတာကြောင့်ဖြစ်ပါတယ်။​ အဆိုပါ အလုပ်ခေါ်စာကို HotHardware ကနေ တွေ့ရှိခဲ့တာဖြစ်ပြီး အစောဆုံး ပြီးခဲ့တဲ့စက်တင်ဘာလ ၃ ရက်နေ့ထဲက စတင်ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။​

Microsoft ဟာ Surface Pro X Series အတွက် Qualcomm နဲ့ပူးပေါင်းပြီး ARM-based SQ1 နဲ့ SQ2 Chip တွေကို အသုံးပြုခဲ့ဖူးပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ Intel Processor တွေထက်တောင် အားနည်းနေခဲ့တာဖြစ်ပါတယ်။​ ဒါကြောင့် Microsoft အနေနဲ့ Apple M1 Chip တွေကို ယှဥ်ပြိုင်နိုင်ဖို့အတွက် လုံးဝကိုယ်ပိုင် Chip တွေကိုပဲ​ထုတ်လုပ်သွားဖို့ စီစဥ်နေပုံရပါတယ်။​

Ref – Gizmo China