လက်ရှိ Android စမတ်ဖုန်းကုမ္ပဏီတွေအများစုဟာ Foldable ဖုန်းတွေကို အပြိုင်အဆိုင်မိတ်ဆက်ထုတ်လုပ်နေကြပြီဖြစ်ပါတယ်။ ယခုနှစ်အတွင်းမှာလည်း Google ကနေ Pixel Fold ကို မိတ်ဆက်ဖို့စီစဥ်ထားတာကြောင့် Foldable ဖုန်းစျေးကွက်ဟာ ပိုပြီးပြိုင်ဆိုင်မှုပြင်းထန်လာမှာဖြစ်ပါတယ်။

ဒါပေမယ့် အစောပိုင်းတုန်းက Microsoft ကနေ Foldable ဖုန်းတွေအစား Dual Screen Design ကိုမှ ခေါက်ချိုးပြီး အသုံးပြုရတဲ့ Surface Duo ဖုန်းတွေကို မိတ်ဆက်ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။ ပထမဆုံးသော Surface Duo ဖုန်းကို ၂၀၂၀ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး Surface Duo 2 ကို ၂၀၂၁ ခုနှစ်မှာ မိတ်ဆက်ခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ဘဲ စျေးနှုန်းလျော့ချပြီး ရောင်းချခဲ့ရပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းမှာ Microsoft ကနေ Surface Duo 3 ကို မိတ်ဆက်ခြင်းမရှိခဲ့သလို အခုထပ်မံသိရှိရတဲ့သတင်းတွေအရ Dual Screen Design နဲ့ Surface Duo ဖုန်းအသစ်ထုတ်လုပ်မှုကို လုံးဝရပ်ဆိုင်းလိုက်ပြီလို့ သိရပါတယ်။ အဲ့ဒီအစား Microsoft ဟာ နောက်ထပ် Android ဖုန်းအသစ်ကို Foldable ဖုန်းအနေနဲ့ပဲ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Microsoft ကနေ မိတ်ဆက်ဖို့စီစဥ်နေတဲ့ Foldable ဖုန်းဟာ 180-Degree Hinge Design အပြင် Internal Foldable Screen ၊ အပြင်ဘက် Cover Display တွေပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိစျေးကွက်အတွင်းမှာ မိတ်ဆက်ထားပြီးဖြစ်တဲ့ vivo X Fold နဲ့ Honor Magic Vs ဖုန်းတွေနဲ့ ဒီဇိုင်းဆင်တူမှာဖြစ်ပါတယ်။

ဒါပေမယ့် Microsoft ဟာ အခုမှ Dual Screen Design ကို ဖျက်သိမ်းပြီး Foldable ဖုန်းကို ပြောင်းလဲမိတ်ဆက်ဖို့ စီစဥ်နေတဲ့အတွက် စျေးကွက်အတွင်းကို ဘယ်အချိန်တရားဝင်မိတ်ဆက်သွားမလဲဆိုတာက ခန့်မှန်းဖို့ခက်ခဲနေပါသေးတယ်။ အစောဆုံးအနေနဲ့ ယခု ၂၀၂၃ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၄ အစောပိုင်းမှပဲ စျေးကွက်အတွင်းကို တရားဝင်မိတ်ဆက်ရောင်းချသွားဖွယ်ရှိပါတယ်။

Ref – Windows Central