Microsoft ဟာ Windows Phone တွေနဲ့ပတ်သက်ပြီး တွက်ကိန်းမှားခဲ့ပေမယ့် ဆော့ဖ်ဝဲကုမ္ပဏီကြီးကတော့ Surface တက်ဘလက်တွေကို ဆက်ပြီးထုတ်လုပ်နေတုန်း ဖြစ်ပါတယ်။ အခုတော့ ၂၀၂၀ မှာ မိတ်ဆက်မယ့် တက်ဘလက်သစ်နှစ်မျိုးရဲ့ Teaser တွေကတော့ ထွက်ပေါ်လာခဲ့ပါပြီ။

Microsoft Surface Duo နဲ့ Microsoft Surface Neo တို့ကို လာမယ့်လအနည်းငယ်အတွင်း မိတ်ဆက်ဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ မကုန်ခင်တုန်းက Microsoft ရဲ့ ဒုတိယဥက္ကဋ္ဌက Surface Duo မှာ Holograms ပါမယ်လို့ Teased လုပ်ခဲ့ပါသေးတယ်။ တကယ်တော့ မဖြစ်နိုင်ဘူးလို့ပဲ ယူဆရပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းကလည်း Microsoft ဟာ Surface Duo ကို တိုက်ရိုက်ထုတ်လွှင့် သရုပ်ပြဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီနောက်မှာ Microsoft ဟာ ထုတ်လွှင့်မှုကို ပြန်ပြီး တည်းဖြတ်ပြုပြင်ခဲ့ပါသေးတယ်။ ဒါပေမယ့် Microsoft Surface Duo ရဲ့ Teaser ဗီဒီယိုအချို့ကတော့ တွစ်တာမှာ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။

ဒီ Teaser တွေဟာ Microsoft Surface Duo အစစ်အမှန်လားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားဝင်ထွက်ပေါ်လာတာမဟုတ်ဘဲ ပေါက်ကြားတဲ့အနေနဲ့ ထွက်ပေါ်လာတာကြောင့်ပါ။ ကုမ္ပဏီဘက်ကလည်း ဒီ Teaser တွေနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးထားသေးတာလည်း ထည့်သွင်းစဉ်းစားရမှာပါ။

Microsoft Surface Duo နဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း များများစားစား မသိနိုင်သေးပါဘူး။ အစောဆုံး ထွက်ပေါ်လာနိုင်တာက ဒီနှစ်ရဲ့ စတုတ္ထသုံးလပတ်လောက်မှပဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၃၆၀ ဒီဂရီ ပတ္တာနဲ့ Surface Duo အကြောင်းက စိတ်ဝင်စားစရာကောင်းနေဆဲဖြစ်ပါတယ်။

Ref: Android Community