Microsoft ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Windows 11 Operating System အသစ်ကို မိတ်ဆက်ခဲ့ပြီးတော့ အခုအချိန်မှာဆိုရင် Windows Insider Dev Channel အပြင် Beta Channel အတွက်ပါ ထုတ်ပေးထားပြီးဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း သီးသန့် ISO File ကို Download ပြုလုပ်ချင်တဲ့သူတွေအတွက် ISO File Download ပြုလုပ်ဖို့ကိုလည်း တရားဝင်ထုတ်ပေးခဲ့ပါသေးတယ်။

အခုအချိန်မှာလည်း Microsoft ကနေ Windows 11 ကို Beta Version တွေအစား Stable Update ကိုစောင့်နေကြတဲ့သူတွေအတွက် Windows 11 Stable Version ထွက်ရှိမယ့်အချိန်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ Microsoft ရဲ့ ပြောကြားချက်အရတော့ Windows 11 ကိုလာမယ့် အောက်တိုဘာလ ၅ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Windows 11 ဟာ ယခင် Windows တွေလိုမျိုးပဲ အဆင့်အလိုက်ထုတ်ပေးသွားမှာဖြစ်ပြီး အစောဆုံးအနေနဲ့ Device အသစ်တွေမှာ အရင်ဆုံးရရှိလာမယ်လို့ သိရပါတယ်။ နောက်ပိုင်းမှ စျေးကွက်ထဲမှာရှိနေတဲ့ Windows 10 အသုံးပြုထားတဲ့ Device တွေကို အဆင့်ဆင့် Update ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီအတွက် Windows 10 ကို အသုံးပြုနေတဲ့သူတွေအနေနဲ့ အောက်တိုဘာလ ၅ ရက်နေ့နောက်ပိုင်းမှာ Windows 11 ကို Upgrade ပြုလုပ်နိုင်ပြီဆိုရင် Notification ရရှိမှာဖြစ်ပါတယ်။ ကိုယ့် ကွန်ပျူတာက Windows 11 ကို တရားဝင် Support ပြုလုပ်လားဆိုတာကိုလည်း Microsoft ရဲ့ PC Health Check App ကနေတစ်ဆင့် စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

Windows 11 ဟာ လာမယ့် ၂၀၂၂ နှစ်လယ်ပိုင်းအထိ Windows 10 ကနေ အခမဲ့ Upgrade ပြုလုပ်နိုင်မှာဖြစ်တာကြောင့် Windows 10 သုံးနေတယ်ဆိုရင် Upgrade ရတာနဲ့ အမြန်ပြုလုပ်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ Windows 11 ကို Intel 7th Gen ရဲ့ အရှေ့ပိုင်းက ကွန်ပျူတာတွေမှာလည်း အသုံးပြုနိုင်ပြီဆိုပေမယ့် Windows Update တွေနဲ့ Security Update တွေတော့ ရရှိမှာမဟုတ်သေးဘူးလို့ သိရပါတယ်။

Microsoft ဟာ Windows 11 ကို မိတ်ဆက်တဲ့အချိန်တုန်းက Android App တွေကိုပါ အသုံးပြုနိုင်မယ်လို့ ကြေညာသွားခဲ့ပေမယ့် လာမယ့် အောက်တိုဘာလ ၅ ရက်နေ့ မိတ်ဆက်တဲ့အချိန်မှာတော့ အသုံးပြုနိုင်ဦးမှာမဟုတ်ပါဘူး။ Microsoft ရဲ့ ခန့်မှန်းချက်အရတော့ လာမယ့် ၂၀၂၂ ခုနှစ်မှပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Ref – The Verge