Microsoft ဟာ လက်ရှိအချိန်မှာ Windows 11 Operating System ကို တရားဝင် Stable Version အနေနဲ့ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ စတင်မိတ်ဆက်တဲ့အချိန်တုန်းက AMD Processor တွေအတွက် စွမ်းဆောင်ရည်ကျဆင်းတဲ့ ပြဿနာဖြစ်ပွားခဲ့ပေမယ့် ပြန်လည်ပြင်ဆင်တဲ့ Bug Fix ကိုလည်း ထုတ်ပေးထားပြီးဖြစ်ပါတယ်။

အခုလည်း Microsoft ကနေ Windows 11 SE လို့ နာမည်ပေးထားတဲ့ Operating System တစ်ခုကို မိတ်ဆက်သွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါ Windows 11 SE ဟာ ယခင်တုန်းက Windows 10 S လိုမျိုးပဲ Operating System အသစ်တစ်ခုမဟုတ်ဘဲ Windows 11 ကိုမှ စွမ်းဆောင်ရည်ကို Limit ပြုလုပ်ထားမယ်လို့ ယူဆရပါတယ်။

Windows SE Version ကို ယခင်တုန်းက Windows 98 SE အနေနဲ့ မိတ်ဆက်ခဲ့ဖူးတာကြောင့် ဒါက ပထမဆုံးအနေနဲ့ Windows 10 S ကနေ Windows 11 SE ဆိုပြီး နာမည်ပြောင်းလဲတာတော့ မဟုတ်ပါဘူး။ Microsoft ဟာ ယခုထွက်ရှိလာမယ့် Windows 11 SE ကို စွမ်းဆောင်ရည်ပိုင်းအားနည်းတဲ့ Laptop တွေမှာ အဓိကအသုံးပြုလာမှာဖြစ်ပြီး Chromebook တွေကို ယှဥ်ပြိုင်ဖို့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

Microsoft ကိုယ်တိုင်ကလည်း Windows 11 SE နဲ့တွဲဖက်ပြီး Surface Laptop SE ကိုပါ မိတ်ဆက်ဖို့ စီစဥ်နေတယ်လို့လည်း သိရပါတယ်။ Surface Laptop SE ဟာ 11.6″ HD Display ကိုပဲ အသုံးပြုထားမှာဖြစ်ပြီး Intel N4120 Celeron Processor ၊ RAM 8GB ပဲပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Port တွေအနေနဲ့လည်း USB-A Port နဲ့ USB-C Port ၁ ခုစီပဲ ပါဝင်မှုဖြစ်ပြီး ကလေးငယ်တွေနဲ့ ကျောင်းသားတွေကိုပဲ အဓိကရည်ရွယ်သွားမှာဖြစ်ပါတယ်။

အခုလိုမျိုး Windows 11 SE ၊ Surface Laptop SE ကို ဘယ်အချိန်မှာ တရားဝင်မိတ်ဆက်မလဲဆိုတာနဲ့ စျေးနှုန်းဘယ်လောက်ဝန်းကျင်ရှိနိုင်မလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ Surface Laptop SE ဟာ $400 နဲ့ $500 ကြား ကျသင့်နိုင်ဖွယ်ရှိနေပါတယ်။

Ref – The Verge