Microsoft Surface Duo ဟာ Microsoft အတွက် Android OS ကို ပထမဆုံး အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ Foldable ဖုန်းဖြစ်ပါတယ်။ Foldable ဖုန်းဆိုပေမယ့်လည်း Display ၂ ခုကို တစ်ဖက်စီမှာထည့်သွင်းထားတာဖြစ်ပြီး တခြားသော Foldable ဖုန်းတွေလိုမျိုး Display တစ်ခုထဲကို ခေါက်ချိုးထားတာမျိုးတော့ မဟုတ်ပါဘူး။

Microsoft Surface Duo ဟာ စျေးကွက်ပိုင်းမှာလည်း လက်ရှိ Samsung Galaxy Z Flip 5G နဲ့ Z Fold 2 လိုမျိုး Foldable ဖုန်းတွေကို ယှဥ်ပြိုင်မယ့်အစား Productivity ပိုင်းအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Display ဘေးဘောင်တွေက အရွယ်အစားတော်တော်လေးကြီးမားသလိုပဲ Camera ပိုင်းတွေမှာလည်း အားနည်းနေခဲ့ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာလည်း မနှစ်တုန်းက Qualcomm Snapdragon 855 Chipset ကိုပဲ အသုံးပြုထားတာပါ။

အဲ့ဒီအတွက် အစောပိုင်းသတ်မှတ်ထားတဲ့ စျေးနှုန်းဖြစ်တဲ့ $1,399 က များလွန်းတယ်ဆိုပြီး ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Microsoft ကနေ Surface Duo ရဲ့ စျေးနှုန်းကို ပုံမှန်ထက် $200 လျော့ပြီး 128GB Version ကို $1,199 (မြန်မာငွေ ၁၅ သိန်းခွဲဝန်းကျင်) နဲ့ 256GB Version ကိုတော့ $1,299 (မြန်မာငွေ ၁၆ သိန်း ၇ သောင်းဝန်းကျင်) နဲ့ ပြောင်းလဲရောင်းချနေပြီဖြစ်ပါတယ်။

ဒီလိုမျိုး စျေးလျော့လိုက်တာက Samsung ရဲ့ Foldable ဖုန်းတွေနဲ့ ယှဥ်မယ်ဆိုရင် ပိုပြီး စျေးသက်သာသွားတယ်ဆိုပေမယ့်လည်း လူအများစုအတွက်ကတော့ အောင်မြင်ဖို့ခက်ခဲနေဦးမှာဖြစ်ပါတယ်။ ဒါကလည်း လောလောဆယ်မှာ US တစ်နိုင်ငံထဲမှာပဲ ရောင်းချနေသလို Software ပိုင်း၊ Build Quality ပိုင်းမှာလည်း Issue တွေ ဆက်တိုက်ထွက်ပေါ်နေတာကြောင့်ဖြစ်ပါတယ်။

Ref – GSM Arena