Microsoft ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ကုမ္ပဏီရဲ့ ပထမဆုံး Foldable Device တွေဖြစ်တဲ့ Surface Neo နဲ့ Surface Duo Device တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီထဲကမှ Surface Duo ဟာ Windows OS အစား Android OS ကိုပဲ အသုံးပြုထားတဲ့ Foldable စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

အခုအချိန်မှာ တကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်အခြေအနေကြောင့် Microsoft ကနေ Surface Neo နဲ့အတူ Windows 10X OS အသစ်ကိုပါ မိတ်ဆက်ဖို့ကို ရွေ့ဆိုင်းထားခဲ့ရပါတယ်။ Foldable စမတ်ဖုန်းဖြစ်တဲ့ Surface Duo ကလည်း အလားတူ Delay ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ ရောင်းချမယ့်အချိန်က ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

အဆိုပါသတင်းအရတော့ Microsoft ကနေ အဆိုပါ Surface Duo Foldable စမတ်ဖုန်းကို လာမယ့်ဇူလိုင်လအတွင်းမှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကလည်း Samsung ကလည်း လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ Galaxy Note 20 Series ဖုန်းတွေနဲ့အတူ Galaxy Fold 2 ဖုန်းကို မိတ်ဆက်ဖို့ရှိနေတဲ့အတွက် Microsoft ကနေ Surface Duo ကို အဲ့ဒီအချိန်မတိုင်ခင်မှာ ရောင်းချဖို့ စီစဥ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လောလောဆယ်မှာ Microsoft ဘက်ကနေ တရားဝင်ထုတ်ပြန်ကြေညာထားခြင်းမရှိသေးတဲ့အတွက် ယခုသတင်းက မှန်ကန်နိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ ဒါတင်မဟုတ်သေးဘဲ မိတ်ဆက်တုန်းက Surface Duo ဟာ Qualcomm Snapdragon 855+ လိုမျိုး မနှစ်တုန်းက Flagship Processor ကိုပဲ အသုံးပြုထားတာဖြစ်တဲ့အတွက် တကယ်ရောင်းချတဲ့အချိန်မှာ ဘာတွေပြောင်းလဲမှုရှိလာမလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena