Microsoft ဟာ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက ကုမ္ပဏီရဲ့ ပထမဆုံး နားကြပ်ဖြစ်တဲ့ Surface Buds ကို ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း ဈေးကွက်ထဲပို့ဆောင်ဖို့အတွက် ၂၀၂၀ နွေဦးအထိ ရွှေ့ဆိုင်းထားခဲ့တာကြောင့် မြင်သာမြင်၊ မကြင်ရဘဲ သတင်းစကားကိုသာ စောင့်ဆိုင်းနေခဲ့ကြရတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ Microsoft ရဲ့ Surface Buds ကို လာမယ့် မေလမှာ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ ဒီသတင်းကို Winfuture.de က ဖော်ပြထားတာဖြစ်ပြီး Surface Buds ကို Surface Go 2 နဲ့အတူ တစ်ပါတည်း မိတ်ဆက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မေ ၆ ရက်နေ့မှာ စတင်ရောင်းချမယ့် Surface Buds ဟာ €199 လို့ ဆိုတာကြောင့် ၃ သိန်းဝန်းကျင်လောက် ကျသင့်မှာ ဖြစ်ပါတယ်။ Surface Buds ရဲ့ ဒီဇိုင်းဟာ အခြား Earbuds တွေနဲ့ အတော်လေး ကွာခြားမှုရှိတယ်လို့ ဆိုရပါမယ်။ ပုံမှာမြင်တွေ့ရတဲ့အတိုင်း ကြီးမားတဲ့ ပြင်ပကိုယ်ထည်က တခြား Earbuds တွေမှာ မြင်တွေ့ရမှာ မဟုတ်ပါဘူး။

Surface Buds ဟာ Touch Gesture ပိုင်းမှာလည်း လုံလောက်တဲ့ လုပ်ဆောင်မှုတွေ ထည့်သွင်းပေးထားတဲ့အပြင် Office 365 subscription လည်း ပြုလုပ်လို့ရပါတယ်။ PowerPoint ကို အသုံးပြုချိန်မှာ နှုတ်ကနေပြောပြီး ဘာသာပေါင်း ၆၀ ကျော်ကို ဘာသာပြန်ဆိုရေးသားခိုင်းနိုင်တာလည်း ပြုလုပ်နိုင်ပါတယ်။

နားကြပ်တွေဟာ One-click နဲ့ Pairing ပြုလုပ်နိုင်ပြီး တစ်ကြိမ်အားသွင်းထားရင် ၈ နာရီကြာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Case နဲ့တွဲသုံးရင်တော့ ၂၄ နာရီအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရောင်ကတော့ အဖြူရောင် တစ်မျိုးတည်းကိုပဲ ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။

Ref: Gizmochina