NASA ဟာ လကမ္ဘာကို သွားရောက်နေတဲ့ Artemis II ခရီးစဉ်အတွင်း အာကာသယာဉ်မှူးတွေရဲ့ iPhone 17 Pro Max နဲ့ ရိုက်ကူးထားတဲ့ အံ့သြဖွယ်ရာ ဓာတ်ပုံ ၃ ပုံကို မျှဝေလိုက်ပါတယ်။ အာကာသပတ်လမ်းထဲမှာ အချိန်အကြာကြီး အသုံးပြုဖို့အတွက် iPhone ဟာ အရည်အသွေးပြည့်မီကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ NASA က ကြေညာခဲ့တာဖြစ်ပြီး အခုခရီးစဉ်မှာ ပါဝင်တဲ့ အာကာသယာဉ်မှူး ၄ ဦးစလုံးကို ကိုယ်ပိုင်ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးဖို့အတွက် iPhone 17 Pro Max တစ်လုံးစီ ထုတ်ပေးထားတာ ဖြစ်ပါတယ်။

NASA Artemis II Koch

အဲဒီဓာတ်ပုံတွေထဲမှာ Artemis II ခရီးစဉ်ရဲ့ အဖွဲ့ခေါင်းဆောင် Reid Wiseman နဲ့ အာကာသယာဉ်မှူး Christina Koch တို့ဟာ Orion အာကာသယာဉ်ရဲ့ ပြတင်းပေါက်ကနေ ကမ္ဘာမြေကြီးကို ပြန်ကြည့်နေတာကို တွေ့ရပါတယ်။ Flickr ရဲ့ အချက်အလက်တွေအရ ဒီပုံတွေကို ခရီးစဉ်ရဲ့ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဧပြီလ ၂ ရက်နေ့မှာ iPhone 17 Pro Max ရဲ့ အရှေ့ဘက်ကင်မရာ (Front Camera) နဲ့ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Earth Artemis II

အခုခရီးစဉ်အတွင်းမှာ တခြားသော နာမည်ကြီးကင်မရာတွေဖြစ်တဲ့ Nikon D5၊ Nikon Z 9 နဲ့ GoPro HERO4 Black တို့ကိုလည်း အသုံးပြုနေတာဖြစ်ပေမဲ့ iPhone နဲ့ ရိုက်ထားတဲ့ပုံတွေကတော့ လူအများ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ Artemis II ဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း လကမ္ဘာကို လူလိုက်ပါသွားတဲ့ NASA ရဲ့ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး လူသားတွေ ကမ္ဘာမြေနဲ့ အဝေးဆုံးအထိ ရောက်ရှိသွားတဲ့ စံချိန်သစ်ကိုလည်း တနင်္လာနေ့မှာ တင်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ Orion အာကာသယာဉ်ဟာ လပေါ်ကို ဆင်းသက်နိုင်တဲ့ စွမ်းဆောင်ရည်တော့ မရှိသေးဘဲ လကို ပတ်ပြီးတာနဲ့ ကမ္ဘာမြေကို ပြန်လည်ဦးတည်မှာ ဖြစ်ပါတယ်။ အာကာသယာဉ်မှူးတွေဟာ လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ကမ္ဘာမြေကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Ref : macrumors