Apple ဟာ လာမဲ့ မတ်လ ၈ ရက်နေ့မှာ “Peek Performance” event ကို ကျင်းပပြုလုပ်မယ်လို့ တရားဝင်ကြေညာသွားပြီ ဖြစ်ပါတယ်။ ထုံးစံအတိုင်း iPhone SE+ 5G ကိုပါ မိတ်ဆက်လာမယ်လို့ မျှော်လင့်နေကြပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ Amazon က iPhone SE+ 5G Screen Protector ကို စတင်ရောင်းချလိုက်တာကြောင့် ပိုပြီးတော့ လှုပ်လှုပ်ရှားရှား ဖြစ်နေကြပါပြီ။

iPhone SE အသစ်ရဲ့ ခန့်မှန်းအချက်အလက်တွေနဲ့ ပေါက်ကြားသတင်းအချို့ကတော့ ထွက်ပေါ်ပြီးသားပါ။ ဒါပေမဲ့ ဒီတစ်ခါထွက်လာတဲ့သတင်းက Apple အကြောင်းကို ကာလကြာရှည် လေ့လာသုတေသနလုပ်နေတဲ့ Ming-Chi Kuo ဆီကဖြစ်လို့ ရာနှုန်းပြည့်နီးပါးမှန်ကန်တဲ့ သတင်းလို့ ဆိုရပါလိမ့်မယ်။ Kuo က iPhone SE အသစ်ရဲ့ သိုလှောင်မှုပမာဏနဲ့ အရောင်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

လာမဲ့ မတ်လ ၈ ရက်နေ့ “Peek Performance” event မှာ iPhone SE+ 5G သာမက ပြန်လည်ဆန်းသစ်ထားတဲ့ iPad Air ကိုလည်း ပူးတွဲမိတ်ဆက်သွားဖွယ်ရှိနေတာပါ။ iPhone SE+ 5G ဟာ A15 Bionic SoC နဲ့ထွက်လာမှာဖြစ်ပြီး ဈေးနှုန်းကတော့ $300 က စတင်မယ်လို့ သိရပါတယ်။ A15 Bionic chip သုံးထားမယ်ဆိုတာကို Ming-Chi Kou ထုတ်ဖော်ပြောဆိုခဲ့တာပါ။

Kou ရဲ့ အဆိုအရ iPhone SE+ 5G ကို 64GB, 128GB နဲ့ 256GB သိုလှောင်မှု သုံးမျိုးရွေးချယ်နိုင်မှာဖြစ်သလို White, Black နဲ့ Red ဆိုပြီး အရောင်သုံးရောင်လည်း ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ iPhone SE+ 5G ရဲ့ ပုံစံကတော့ iPhone SE (2020) နဲ့ ဆင်တူမှာဖြစ်ပေမဲ့ 5G ပံ့ပိုးမှု (mmW နဲ့ sub-6) ကို ရရှိလာမှာ ဖြစ်ပါတယ်။

Apple ဟာ iPhone SE 2022 ကို ဒီလထဲမှာ အမြောက်အများထုတ်လုပ်မှာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ စမတ်ဖုန်းအလုံးရေ ၂၅ သန်းကနေ သန်း ၃၀ အထိ တင်ပို့နိုင်မယ်လို့ Apple က ခန့်မှန်းထားကြောင်း Kuo က ဆိုပါတယ်။

Ref: GSM Arena