အခုလအစောပိုင်းမှာ Poco ဟာ အိန္ဒိယဈေးကွက်အတွက် စမတ်ဖုန်းအသစ်တစ်လုံး ယူဆောင်လာဖို့ Tease လုပ်ခဲ့ပါတယ်။ အခုတော့ Poco ရဲ့ အိန္ဒိယ GM ဖြစ်သူ Manmohan Chandolu ကိုယ်တိုင်က အိန္ဒိယဈေးကွက်အတွက် Poco ဖုန်းအသစ်ကို နောက်လထဲမှာ မိတ်ဆက်မယ်လို့ အတည်ပြုပေးလိုက်ပါပြီ။

Poco အကြီးအကဲတစ်ယောက်ကတော့ အဆိုပါဖုန်းအသစ်ဟာ F2 Pro မဟုတ်သေးဘဲ အိန္ဒိယဈေးကွက်အတွက် သီးသန့်ထုတ်ကုန်တစ်ခုဖြစ်မယ်လို့ ထပ်ပြောလာပါတယ်။

ရှေ့မှာထွက်ထားတဲ့ သတင်းတွေကိုထောက်ရင်တော့ ဒီဖုန်းအသစ်ဟာ Snapdragon 720G ချစ်ပ်ဆက်နဲ့ ပွဲထွက်လာမယ့် Poco M2 Pro ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ ကုဒ်နာမည်က “Gram” ဖြစ်ပြီး Redmi Note 9 Pro နဲ့ အနည်းငယ် တူညီမှုတွေ ရှိမယ်လို့ ဆိုပါတယ်။

Poco India အကြီးအကဲတွေရဲ့ အင်တာဗျူးမှာ အခြားထုတ်ကုန်တွေအကြောင်းလည်း ပါဝင်ခဲ့ပြီး Pop Buds TWS နားကြပ်လည်း အပါအဝင်ပါပဲ။ Manmohan ကတော့ ဒီနားကြပ်ထုတ်ကုန်ကို Xiaomi ရဲ့ R&D အဖွဲ့နဲ့အတူ ထုတ်လုပ်ခဲ့တယ် လို့ဆိုထားတာကြောင့် Xiaomi ရဲ့ လက်ရှိမျိုးဆက် TWS Earphone တွေနဲ့ တူညီတာတွေရှိမယ်လို့ ယူဆရပါတယ်။

နောက်လထဲမှာ ကြေညာမယ့်ဖုန်းဟာ Poco F2 Pro မဟုတ်ဘူးဆိုပေမယ့် အခုနှစ်နောက်ပိုင်းကာလတွေမှာတော့ ထပ်ကြေညာနိုင်သေးကြောင်းကိုလည်း ဝန်ခံခဲ့ပါတယ်။ ဒါ့ကြောင့် အိန္ဒိယဈေးကွက်ထဲကို F2 Pro မလာခင် Poco ဟန်းဆက်တစ်ခုကို ထပ်တွေ့ရဦးမှာပါ။

Ref – GSMArena