Nokia 7.3 ဖုန်းက ဒီလထဲမှာ ထွက်လာမှာ ဖြစ်ပြီး အဲ့ဒီဖုန်းနဲ့ တခါတည်း မိတ်ဆက်မယ်လို့ ထင်ထားကြတဲ့ Flagship ဖုန်း Nokia 9.3 ကတော့ ထွက်လာဦးမှာ မဟုတ်ဘူးလို့ Leakster တစ်ယောက်က အတည်ပြုလိုက်ပါတယ်။ Nokia 9.3 ဟာ ဒီနှစ်ကုန်လောက်မှ ထွက်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မိတ်ဆက်ခဲ့တဲ့ Nokia 7.2 ကို ဆက်ပြီး မထုတ်လုပ်တော့တဲ့ အတွက်ကြောင့် ဒီလထဲ ကျင်းပဖို့ ရှိနေတဲ့ ပွဲမှာ Nokia 7.3 ကို ပွဲထုတ်မယ်ဆိုပြီး ယူဆနေကြတာ ဖြစ်ပါတယ်။

အမှန်တကယ်လည်း ဂျာမနီနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ စပိန်နိုင်ငံ၊ ဖင်လန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှာရှိတဲ့ Nokia အွန်လိုင်းစတိုးတွေမှာ Nokia 7.2 က ဝယ်ယူလို့မရတော့ပါဘူး။ အင်္ဂလန်နိုင်ငံမှာတော့ ဝယ်လို့ရနိုင်သေးပေမယ့် ဒါကလည်း တစ်ရက် နှစ်ရက်အတွင်းမှာ ထပ်ပြီး ဝယ်လို့ရဦးမလားဆိုတာ မသေချာပါဘူး။ ကြားခံရောင်းချသူတွေဆီမှာတော့ ဝယ်ယူလို့ရကောင်းရနိုင်ပါသေးတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်လာတဲ့ ကောလာဟလ အရတော့ HMD Global က ဖုန်းမော်ဒယ် အသစ်တွေ အများကြီးကို စက်တင်ဘာ ၂၂ မှာ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်တာကတော့ မကြာသေးခင်က ပြီးဆုံးသွားတဲ့ IFA နည်းပညာပြပွဲမှာ မိတ်ဆက်မယ်ဆိုပြီး ကောလာဟလတွေ ထွက်ခဲ့တဲ့ Nokia 6.3, 3.4 နဲ့ 2.4 တို့လည်း ဒီမိတ်ဆက်ပွဲမှာ ပါဝင်လာနိုင်ပါတယ်။

Nokia 9.3 PureView ကတော့ ထွက်လာဖို့ ခဏခဏ နောက်ကျနေတာမို့လို့ မိတ်ဆက်ဖို့ အဆင်သင့်မဖြစ်သေးတာ ဖြစ်မယ်လို့ ယူဆနေကြပါတယ်။ မကြာသေးခင်က ထွက်လာတဲ့ သတင်းတွေအရ Nokia 9.3 ကို စျေးကွက်တင်ရောင်းချဖို့ အမြောက်အများ ထုတ်လုပ်တာမျိုးတောင် မရှိသေးဘဲ ဒီလ ဒါမှမဟုတ် အောက်တိုဘာလထဲမှာတော့ ထုတ်လုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် Nokia 7.3 ကို မိတ်ဆက်မယ့်ပွဲမှာ Nokia 9.3 Teaser ကို တွေ့ရမလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Ref – Gsmarena