Nothing ကုမ္ပဏီကနေ ပထမဆုံးအနေနဲ့ မိတ်ဆက်ထားတဲ့ Nothing Phone (1) ဟာ ယခုနှစ်အတွင်းမှာ ရေပန်းအစားဆုံးစမတ်ဖုန်းတစ်လုံးလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း Nothing ကုမ္ပဏီရဲ့ ပထမဆုံးသော စမတ်ဖုန်းဖြစ်တာနဲ့အတူ တချို့သော ပြဿနာတွေကိုလည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။

Nothing Phone (1) ဟာ လက်ရှိအချိန်မှာ Display ပိုင်း၊ Build Quality QC ပိုင်းနဲ့ Software ပိုင်းနဲ့ပတ်သက်ပြီး ပြဿနာတွေကြုံတွေ့နေရသလို အခုလည်း နောက်ထပ် ပြဿနာတစ်ခုကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။ ဒါကတော့ Nothing Phone (1) က ကြော်ငြာထားတဲ့အတိုင်း Display ရဲ့ Brightness က 1200nits အထိ ရောက်ရှိခြင်းမရှိဘဲ ထက်ဝက်ပဲရရှိနေတာဖြစ်ပါတယ်။

အခုသတင်းကိုတော့ GSM Arena ရဲ့ Review ပြုလုပ်မှုအပြင် တခြားသော Media တွေကပါ ဖော်ပြခဲ့တာဖြစ်ပြီး Nothing Phone (1) ဟာ Auto Brightness နဲ့ အသုံးပြုတဲ့အချိန်မှာ အမြင့်ဆုံး 663nits Brightness ကိုပဲ ရောက်ရှိခဲ့ပြီး Manual Brightness Mode အနေနဲ့ သုံးမယ်ဆိုရင် 466nits ပဲ Brightness ရှိခဲ့တာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် Nothing Phone (1) က ကြော်ငြာထားတဲ့ 1200nits Brightness ဟာ သာမန်အသုံးပြုမှုတွေမှာတော့ရရှိမှာမဟုတ်ဘဲ HDR Content တွေကြည့်ရှုတဲ့အချိန်မှာပဲရရှိမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမနီနိုင်ငံအခြေစိုက် ComputerBase သတင်းဌာနကတေ့ာ Nothing Phone (1) ဟာ ဘယ်လိုအခြေအနေမှာမဆို 1200nits Brightness ကို ရောက်ရှိခြင်းမရှိဘူးလို့ သိရပါတယ်။

Nothing Phone (1) မှာ အသုံးပြုထားတဲ့ Display Panel ဟာ တကယ်ကြော်ငြာထားတဲ့အတိုင်း 1200nits Brightness ကို ထောက်ပံ့ပေးထားပြီးတော့ အခုလိုမျိုး Brightness လျော့နည်းနေတာဟာ Software ကနေ Limitation ပြုလုပ်ထားတာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ Software Update တွေကနေတစ်ဆင့် အခုပြဿနာကို ဖြေရှင်းပေးမလားဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာပါ။

Ref – GSM Arena