Nothing ဟာ အခုအချိန်အထိ စမတ်ဖုန်းအနေနဲ့ Nothing Phone (1) နဲ့ Nothing Phone (2) ဆိုပြီး ၂ မျိုးပဲ စျေးကွက်ထဲကို မိတ်ဆက်ထားတဲ့ ကုမ္ပဏီအသစ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ Nothing ကနေ မကြာခင်မှာ စျေးပိုသက်သာတဲ့ Nothing Phone (2a) ဖုန်းအသစ်ကို မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အခုလည်း အဆိုပါ Nothing Phone (2a) ရဲ့ Specs အချို့နဲ့ စျေးနှုန်းကို Leaker တစ်ဦးဖြစ်တဲ့ Roland Quandt ကနေ X (Twitter) မှာ ဖော်ပြလိုက်ပါတယ်။ သူ့ရဲ့ ဖော်ပြချက်အရ Nothing Phone (2a) ဟာ RAM 8GB + 128GB Storage သို့မဟုတ် RAM 12GB + 256GB Storage ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ အဖြူနဲ့ အနက်ရောင် ဆိုပြီး ၂ မျိုး ထုတ်လုပ်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ €400 ဝန်းကျင်ဖြင့် စတင်ရောင်းချသွားမှာပါ။
Nothing Phone (2a) ဟာ Performance ပိုင်းမှာ Qualcomm Snapdragon Chipset တွေအစား MediaTek Dimensity 7200 Chipset ကို သုံးထားမယ်လို့ သိရပြီး Camera ပိုင်းကိုလည်း Dual 50MP Camera တွေထည့်သွင်းထားမှာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 6.7″ Full HD+ AMOLED Display ကို အသုံးပြုထားမှာပါ။
ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ ရောင်းချနေတဲ့ Nothing Phone (2) ဟာ စျေးနှုန်းအနေနဲ့ €699 ကနေ စတင်ရောင်းချနေတဲ့အတွက် Nothing Phone (2a) ဟာ စျေးနှုန်းအရ ထက်ဝက်နီးပါး ပိုမိုသက်သာနေမှာဖြစ်ပါတယ်။
Ref – 9to5Google